စစ်ကောင်စီ ရမ်းသန်းပစ်ခတ်မှုကြောင့် ပျူစောထီးအဖွဲ့ဝင် တစ်ဦး ကျည်ထိမှန်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်။
စစ်ကောင်စီတပ်ဖွဲ့ ၏ ပစ်ခတ်မှုကြောင့် ၎င်းတို့၏ လက်အောက်ခံ ပျူစောထီးအဖွဲ့ဝင် တစ်ဦး ကျည်ထိမှန်ခဲ့ သည်ဟု ထားဝယ်ခရိုင် ဝကုန်းရွာက ဒေသခံရွာသားများက ပြောသည်။
ထားဝယ်ခရိုင် ထားဝယ်-ထီးခီးလမ်းပိုင်းရှိ ပကာရီကျေးရွာအုပ်စု ဝကုန်းကျေးရွာထိပ်အနီး ဖေဖော်ဝါရီလ ၁၁ ရက်နေ့၊ နံနက် ၉ နာရီအချိန်ခန့်တွင် စစ်ကောင်စီကား ၃ စီးပါသည့် ယာဉ်တန်း ဖြတ်သန်းသွားချိန် ကားပေါ်မှ သေနတ်ဖြင့် ဆက်တိုက်ရမ်းသမ်းပစ်ခတ်ခဲ့ရာ ပျူစောထီးအဖွဲ့ဝင်တစ်ဦး ကျည်ထိမှန်ခဲ့ခြင်း ဖြစ်သည်။
“တိုက်ပွဲဖြစ်တာမျိုး မဟုတ်ဘူး။ အရင် မိုင်းဆွဲခံရတဲ့ ရွာထိပ်နားနေရာ အရောက်မှာ ကားပေါ်ကနေ သေနတ်နဲ့ ဆက်တိုက် ရမ်းသမ်းပစ်သွားတာ။ အဲဒီနား ဖြတ်သွားလာနေတဲ့ ဦးခင်ဇော် ပေါင်မှာ ကျည်ထိသွားတာ” ဟု အသက်၄၀ခန့်အရွယ် ဝကုန်းရွာသားတစ်ဦးက ပြောသည်။
စစ်ကောင်စီ၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် သေနတ်ထိမှန်ခဲ့သူမှာ လိပ်ကြယ်ပြောင်ကျေးရွာတွင် နေထိုင်သည့် ဦးခိုင်ဇော် ဆိုသူဖြစ်ပြီး ပျူစောထီးအဖွဲ့ဝင်တစ်ဦး ဖြစ်သည်ဟု ဝကုန်းကျေးရွာသားများက ပြောသည်။
စစ်ကောင်စီယာဉ်တန်းသည် တောင်သုံးလုံးကျေးရွာဘက်မှ ရောက်ရှိလာခြင်း ဖြစ်ပြီး ဝကုန်းကျေးရွာအဝင် ၂၅ မိုင်တောင်နှင့် ရွာအထွက် ဘဲ့မတတ်တောင်လမ်းတစ်လျှောက်မှ သင်္ကန်းတုံးကျေးရွာ အထိ သေနတ်များဖြင့် လမ်းဘေးဝဲယာသို့ ဆက်တိုက်တရစပ် ပစ်ခတ်သွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံရွာသားများက ပြောသည်။
အဆိုပါ ဘဲ့မတတ်တောင်သည် စစ်ကောင်စီ တပ်ဖွဲ့၏ ယာဉ်တန်း ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသည့် နေရာ ဖြစ် သည်။
ထိုနေရာအနီးတွင်လည်း မကြာခဏ ဆိုသလို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရောက်ရှိလာပြီး တောနင်းရှာဖွေ၍ နယ်မြေရှင်းမှုများကို လုပ်ဆောင်လေ့ရှိသည်ဟု သိရသည်။