ကင်းလှည့်လာသော ပျူစောထီးအဖွဲ့ကို ပဒေသာမိုင်းဖြင့် တိုက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်။

စစ်ကောင်စီ လက်ပါးစေ ပျူစောထီးခေါင်းဆောင် လူမိုက်နှင့်အဖွဲ့ ကင်းလှည့်နေစဉ် ပဒေသာမိုင်းခွဲ၍ တိုက်ခိုက် ခံ လိုက်ရသည်ဟု သိရသည်။

လှိုင်သာယာမြို့နယ်၊ ရွှေလင်ပန်းကျေးရွာ၊ မြေတိုင်အမှတ် ၂၃ ရပ်ကွက်ရှိ ပျူစောထီးအဖွဲ့ခေါင်းဆောင် လူမိုက်နှင့် ၎င်း၏နောက်လိုက် အဖွဲ့များ ဖေဖော်ဝါရီ ၉ ရက်၊ ည ၈ နာရီဝန်းကျင်က ကင်းလှည့်နေစဉ် ပဒေသာ မိုင်းခွဲ တိုက်ခိုက်ခဲ့သည်ဟု Spring Revolution Flames အဖွဲ့ထံမှ သိရသည်။

“ညက သူတို့ကင်းလှည့်နေတုန်း လမ်းဘေးနှစ်ဖက်ကနေ ညှပ်ပြီး ဖောက်ခွဲလိုက်တာ။ ၃ ယောက် ၄ ယောက် လောက်မြေကြီးပေါ် လဲ သွားတာတော့ မြင်လိုက်တယ်” ဟု Spring Revolution Flames အဖွဲ့ဝင်တစ်ဦး က ပြော သည်။

အဆိုပါကျေးရွာက ပျူစောထီးအဖွဲ့ ခေါင်းဆောင် လူမိုက်နှင့် ၎င်း၏ နောက်လိုက်များသည် စစ်ကောင်စီအား သတင်းပေးခြင်း၊ ပြည်သူများကို ဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်းများ ပူးပေါင်းလုပ်ဆောင်နေသည်ဟု Spring Revolution Flames အဖွဲ့က ဆိုသည်။

လှိုင်သာယာမြို့နယ် ရွှေလင်ပန်းစျေးအနီးတွင် နေထိုင်သည့် အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးက “အဲ့ညက ပေါက်ကွဲသံတွေတော့ကြားလိုက်တယ်။ ဆက်တိုက်ပဲ” ဟု ပြောသည်။

ထို့ပျူစောထီးအဖွဲ့သည် စစ်ကောင်စီနှင့် အုပ်ချုပ်ရေးအဖွဲ့များ ငွေလိုသည့်အခါတိုင်း ပြည်သူများထံမှ ငွေကြေး အဓမ္မ တောင်းခံခြင်း၊ ဆိုင်ကယ်နှင့် သုံးဘီးဆိုင်ကယ်များကို ဖမ်းဆီးခြင်း စသည်တို့ကို အဖွဲ့လိုက် ကျူးလွန်နေ ကြသည့်အတွက် ယခုကဲ့သို့ တိုက်ခိုက်ရခြင်းဖြစ်သည်ဟု Spring Revolution Flames အဖွဲ့ကထုတ်ပြန် ထား သည်။

ပျူစောထီး လူမိုက်အဖွဲ့ကို GODS OF DEATH (G.O.D)၊ Spring Revolution Flames၊ Free Tiger Ranger၊ Black Eagle Ranger အဖွဲ့တို့နှင့် ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

မိုင်းထောင်ဖောက်ခွဲရာတွင် အဝေးထိန်းမိုင်း ၁၂ လုံးကို ၃ လုံးစီပူးကာ ပဒေသာမိုင်း ၄ လုံး အဖြစ် ပြုလုပ် ဖောက်ခွဲခဲ့ခြင်း ဖြစ်ပြီး ပျူစောထီးခေါင်းဆောင် လူမိုက်အဖွဲ့ အပြင်းအထန် ထိခိုက်နိုင်သည်ဟု Spring Revolution Flames အဖွဲ့ဝင်တစ်ဦးက ဆိုသည်။

Spring Revolution Flames အဖွဲ့ဝင်တစ်ဦးက “ကစဉ့်ကလျားထွက်ပြေးတဲ့ သူတွေလည်းတွေ့တယ်။ ကျနော်တို့ လည်း စောင့်ကြည့်လို့မရတဲ့ အခြေအနေမို့လို့ အကျအဆုံးနဲ့ထိခိုက် လူဦးရေအတိအကျတော့ မသိရသေးဘူး” ဟု ပြောသည်။

မြို့ပြပြောက်ကျားအဖွဲ့များ အနေဖြင့်လည်း ပြည်သူများအပေါ် သတိပေးတားမြစ်မှုများ ပြုလုပ်ပြီး ဖြစ်သည့် အတွက် Mission အောင်မြင်ရေးကို အရှိန်အဟုန်မြှင့်သွားမည် ဖြစ်သည်ဟု ဆိုသည်။

ထို့အပြင် ပြည်သူများ အထိအခိုက်မရှိစေရန်အတွက်လည်း သတိပေးတားမြစ်ချက်များကို လိုက် နာပေးရန်ကို မြို့ပြပြောက်ကျားအဖွဲ့က ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်း ရေးသားထားသည်။