တိုက်ပွဲများ ရှမ်းမြောက်မှ ရှမ်းတောင်သို့ ကျယ်ပြန့်လာ၊ အရပ်သား သေဆုံးမှုများရှိ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်။
ဖေဖော်ဝါရီလ ပထမအပတ် တပတ်လုံး ဖြစ်ပွားခဲ့သည့် RCSS/ SSA နှင့် SSPP/SSA ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ တို့အကြားက တိုက်ပွဲများကြောင့် အရပ်သားပြည်သူသေဆုံးမှုများရှိနေပြီး ရှမ်းပြည်နယ်တောင်ပိုင်း ရပ် စောက်မြို့ပေါ်သို့ စစ်ရှောင် ၆၀၀ ကျော် ရောက်ရှိနေသည်။
ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တို့အကြားက တိုက်ပွဲများသည် ရှမ်းမြောက် နမ္မတူ၊ သီပေါ၊ ကျောက်မဲ၊ လားရှိုးမှ ရှမ်းတောင် မိုင်းကိုင်၊ လဲချား၊ ရပ်စောက် မြို့ နယ်များအထိ ဖြစ်ပွားလာပြီး စစ်ရှောင် အယောက် ၆၀၀ က ရပ်ဆောက်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီး ကျောင်းများတွင် ရောက်ရှိလာသည်ဟု သိရသည်။
စစ်ရှောင်တွေကို ကူညီပေးနေတဲ့ ဦးဇင်းတစ်ပါး က “အခုဒုက္ခသည်ကျတော့ ဘုန်းဘုန်းက သိရသ လောက်က ၅ လဝန်းကျင်ကတည်းက ကျောက်မဲမြို့နယ်ထဲက အနောက်ဘက်တောင်ပေါ်ဒေသတွေပေါ့နော် ဒီဟူးကွက်တို့၊…. ဒေသကနေ ကျောက်မဲမြို့ပေါ်ကို ရွှေ့ပြောင်းပြီးတော့ လာနေကြတာပေါ့။ မြို့ပေါ်မှာနေကြ တော့ စားဝတ်နေ ရေး သိပ်အဆင်မပြေကြတော့ စိုက်ပျိုးနေရာ ရှိအောင်ဆိုပြီး ရှာပြီးတော့ ရပ်စောက်မြို့နယ် ကျောက်ဂူ၊ အရှေ့ ဘက် ကျိန်းခမ်းဆိုတဲ့နေရာမှာ တစ်ခါ နေရာပြန်ချပေးတာပေါ့။ အခုက တိုက်ပွဲက ပွားပွားပြီးတော့ ဆင့်ပွား ဆင့်ပွားဖြစ်လာပြီးတော့ အဲ့နားမှာ တဆင့်ပြန်ရောက်လာတာပေါ့။ အဲ့ကနေ အခု ရပ်စောက် မြို့နယ်၊ မိုင်းကျင်း ကျေးရွာအုပ်စုနားမှာ ၆၀၀ နီးပါးလောက်ရောက်လာဖြစ်ပါတယ်” ဟု မိန့်ကြားသည်။
တိုက်ပွဲကြားညှပ်သွားရာမှ အသက် (၄၇)အရွယ် စစ်ရှောင်အမျိုးသမီးတစ်ယောက် ကျည်ထိမှန်ပြီး ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး အသက် ၁၉ နှစ်အရွယ် အမျိုးသားတစ်ယောက်ပါအဝင် ၃ ယောက် ထိခိုက်ဒဏ်ရာ ပြင်းထန် စွာရရှိခဲ့သည်ဟု စစ်ရှောင်များက ပြောသည်။
ယခုရပ်စောက်မြို့နယ်အတွင်း စစ်ရှောင်လာကြသည့် စစ်ဘေးရှောင်ပြည်သူများသည် ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်းက လူများဖြစ်ကြသည်ဟု ဆိုသည်။
ရှမ်းပြည်နယ် မြောက်ပိုင်း က စစ်ရှောင်များက ယခု ရှမ်းပြည်နယ် တောင်ပိုင်း အထိ ထွက်ပြေးနေကြရသည်။
ရှမ်းမြောက်က ဒေသခံပြည်သူများသည် ရှမ်းလက်နက်ကိုင် နှစ်ဖွဲ့ကြားက တိုက်ပွဲများကြောင့် ၁ နှစ်အတွင်း ၅ ကြိမ်ထက်မနည်း နေရာရွှေ့ပြောင်း စစ်ရှောင်လာခဲ့ရသည်ဟု စစ်ရှောင်များက ပြောသည်။
စစ်ရှောင်များ လိုအပ်နေသည့် အကူအညီများနှင့် ပတ်သက်၍ “အခုက ရွှေ့လိုက်ပြောင်း ရွှေ့လိုက်ပြောင်းလိုက် နဲ့ ၅ ခါလောက်ရှိနေပြီ သူတို့ကလေ။ အခုသူတို့လိုအပ်တာက တော့ ဆောင်းတွင်းဆိုတော့ စောင်ရယ်၊ စားဖို့ သောက်ဖို့က ဆန်ရယ်၊ ဟင်းသီးဟင်းရွက်၊ ဆီ၊ ဆေး၊ အိုးခွက် ပန်းကန်ပေါ့ အဓိက လိုအပ်တာ အဲ့ဒါတွေ လိုအပ် ပါတယ်။ သူတို့က ကျောက်မဲမြို့နယ်ရဲ့ အနောက်ဘက် တောင်တစ်ကြောပေါ့ သူက၊ တော့ဆန်၊ ဟူးကွတ်၊ ဟူး စွန်တို့ အဲ့ဘက်ကနေ ရွှေ့ပြောင်းလာတယ်” ဟု ရပ်စောက်မြို့က ဦးဇင်းက မိန့်ကြားသည်။
ပြီးခဲ့သည့် အင်္ဂါနေ့နှင့် ဗုဒ္ဓဟူးနေ့တို့တွင် ရပ်စောက်မြို့နယ် နောင်ဝိုး၊ ကျောက်ဂူကျေးတို့ဘက်တွင် RCSS နှင့် SSPP တို့ အကြား တိုက်ပွဲများ ပြင်းထန်ခဲ့သည့်အတွက် ဒေသခံအချို့က တိုက်ပွဲဖြစ်ပွားခဲ့သည့် ကျောက်ဂူ ကျေးရွာထဲတွင် ပိတ်မိနေခဲ့ကြသည်။
အဆိုပါ တိုက်ပွဲတွင်း စစ်ကောင်စီဘက်ကလည်း လေယာဉ်နှင့် လာရောက်ပစ်ခဲ့သည်။ ကျောက်ဂူကျေးရွာထဲ တွင် ပိတ်မိနေသည့် စစ်ရှောင်များက ကြာသပတေးနေ့မှ စစ်ဘေးလွတ်ရာနေရာသို့ ထွက်လာနိုင်ခဲ့သည်ဟု အကူအညီပေးနေသူများက ပြောသည်။
သောကြာနေ့နဲ့ ဒီနေ့ စနေနေ့မှတော့ အဲ့ဒီနေရာတဝိုက်မှာ တိုက်ပွဲဖြစ်ပွားသံမကြားရပေမယ့် စစ်ရှောင်တွေက တော့ နေရပ်ပြန်ဖို့ အဆင်မပြေသေးပဲ အခက်အခဲမျိုးစုံနဲ့ အကူအညီပေးရေးအဖွဲ့တွေက ချပေးတဲ့နေရာတွေမှာ နေနေကြရပါတယ်။
တိုက်ပွဲဖြစ်ပွားရသည့် အကြောင်းအရင်းနှင့် ပတ်သက်၍ SSPP/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဘုန်းဟန် က “အခု RCSS နဲ့ ဖြစ်နေတဲ့ ကိစ္စက မြောက်ပိုင်းမှာ စဖြစ်တာပေါ့လေဗျာ။ မြောက်ပိုင်းက ဒီနမ္မတူတို့၊ ကျောက်မဲ၊ သီပေါ၊ ဒီရပ်စောက် အထိ ရောက်သွားတာပေါ့။ အမှန်ကျတော့ ဒီတိုက်ပွဲက မြောက်ပိုင်းရဲ့ အဆက် လို့ ပြောလို့ရပါတယ်။ အမှန်ကျတော့ ဒီတိုက်ပွဲမဖြစ်ဖို့က တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကို ပထမဦးစား ပေးပေါ့လေ။ တကယ်လို့ တွေ့ဆုံ ဆွေးနွေးရေး လမ်းကြောင်းရှိနေသေးသ၍ ဒီစစ်ရေးလမ်းကို မသုံးပါဘူးဗျ” ဟု ပြောသည်။
ရှမ်းလက်နက်ကိုင် နှစ်ဖွဲ့ကြား အကြိမ်ကြိမ်တွေ့ဆုံဆွေးနွေးခဲ့ကြသော်လည်း ယနေ့အချိန်ထိ ညှိနှိုင်း၍ မရသေး သည့်အတွက် တိုက်ပွဲများ ဆက်ဖြစ်ပွားနေရခြင်း ဖြစ်သည်ဟု SSPP က ပြောသည်။
RCSS ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးခမ်းစံက ယခုတိုက်ပွဲသည် SSPP ဘက်က အင်အားအလုံးအရင်းနှင့် ထိုးစစ် ဆင်လာသည့်အတွက် ဖြစ်လာရခြင်း ဖြစ်သည်ဟု ပြောသည်။။
“လွန်ခဲ့တဲ့ နှစ်ရက်သုံးရက်လောက်ကတော့ ရပ်စောက်မြို့နယ်ထဲမှာ တိုက်ပွဲပြင်းထန်တာပေါ့။ ဒီနေ့တော့ တိုက် ပွဲက လျော့ကျသွားပြီး စစ်ရေးကတော့ တင်းမာတုန်းပေါ့။ အဓိကတော့ SSPP တို့က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတာပေါ့။ ညှိနှိုင်းတာ နှစ်ဖက်စလုံးမှာ ကော်မတီတွေရှိတယ်။ ညှိနှိုင်းနေ တယ်ဆိုပေမယ့် တရား ဝင်အစည်းအဝေးကျတော့ မဖြစ်မြောက်ခဲ့ဘူးပေါ့နော်။”
ရပ်စောက်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း RCSS ဘက်က အတော်လေး အထိနာခဲ့သည်ဟု ဒေ သခံများက ဆိုသည်။ SSPP က စစ်သုံ့ပန်း ၂၀ ကျော်နှင့် လက်နက်ခဲယမ်း အတော်များများကို ဖမ်းဆီးရမိခဲ့ သည်။ ထိုသုံ့ပန်းများကို ပြန်လွှတ်မည်ဟု ဗိုလ်မှူးစိုင်းဖုန်းဟန်က ပြောသည်။
ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ကြားက စစ်ရေးပဋိပက္ခများ၊ တိုက်ပွဲများ ရပ်တန့်ရေး ရှမ်းပြည်သူများ၊ ရှမ်း သံဃာတော် များ၊ ရှမ်းအရပ်ဘက်အဖွဲ့အစည်းများက ဆက်တိုက်တောင်းဆိုနေကြသော်လည်း ယနေ့အချိန်ထိ နှစ်ဖက်ကြား တိုက်တွဲများ မရပ်တန့်နိုင်သေးပဲ စစ်ရှောင်များသာ ထပ်တိုးနေခြင်း ဖြစ်သည်။
ဓါတ်ပုံ – Tuine Lii