တရုတ်နယ်စပ်တွင် ဖရဲသီးအများအပြား ပျက်ဆီး ပုပ်ပျက်နေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်။
တရုတ်နိုင်ငံဘက်ခြမ်းက နယ်စပ်ကုန်သွယ်ရေးကို ဆက်လက် ပိတ်ထားသည့်အတွက် ဖရဲသီးအများအပြား စွန့် ပစ်နေရပြီး သစ်သီးကုန်သည်များ အရှုံးနှင့် ရင်ဆိုင်နေရသည်။
မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးဂိတ်များကို တရုတ်နိုင်ငံဘက်ခြမ်းက ကိုဗစ်-၁၉ ကူးစက်ရောဂါ သတ်မှတ်ချက်များကို အကြောင်းပြပြီး မူဆယ်မြို့နယ်အတွင်းက နယ်စပ်ဂိတ်များကို ဆက် လက်ပိတ်ထားသည့် အတွက် မြန်မာ့ ဖရဲသီးများ ပျက်ဆီးပုပ်ပျက်ကုန်သည်ဟု ဖရဲသီးကုန်သည်များက ပြော သည်။
ဂိတ်တွေပိတ်ထားသည့်အတွက်ကြောင့် တရုတ်နိုင်ငံသို့ တင်ပို့မည့် မြန်မာ့ဖရဲသီး အများအပြား မူဆယ်မြို့ (၁၀၅) မိုင် ဂိတ်နှင့် မူဆယ်ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ၂၀၂၂ ဇန်နဝါရီလနောက်ဆုံးအပတ်မှ စတင်၍ ယနေ့ အချိန်ထိ စွန့်ပစ်ခဲ့နေကြရသည်ဟု ဖရဲသီးကုန်သည်များက ပြောသည်။
ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့က နယ်စပ်ဂိတ်ပေါက်များကို တရုတ်နိုင်ငံဘက်ခြမ်းက ၂၀၂၁ ခုနှစ် ဇူလိုင်လ ဒုတိယ ပတ်ခန့်မှ စတင်၍ ယနေ့အချိန်ထိ ပိတ်ထားခဲ့ခြင်း ဖြစ်သည်။
၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းမှ စတင်၍ နယ်စပ်ဂိတ်များ ပြန်ဖွင့်မည်ဆိုသည့် သတင်းများကြောင့် သစ်သီးကုန်သည် များက ယခု ဖရဲသီးရာသီတွင် ဖရဲသီးကားများဖြင့် မူဆယ် ၁၀၅ မိုင်ဂိတ်နှင့်၊ မူဆယ် ပြည်ထောင်စု လမ်းမ ကြီးတစ်လျှောက်တွင် စောင့်ဆိုင်းလျှက်ရှိရာ ယနေ့အချိန်ထိ တရုတ်နိုင်ငံဘက်အခြမ်းမှ ဂိတ်မဖွင့်ပေးသည့် အတွက် ဖရဲသီးများ ပုပ်ကုန်ခြင်း ဖြစ်သည်ဟု ဆိုကြသည်။
နယ်စပ်ကို ရောက်ရှိနေသည့် မြန်မာနိုင်ငံ အောက်ပိုင်းဒေသက ဖရဲသီးကုန်ကားများ တင်ပို့နိုင်မည့် အချိန်ကို စောင့် ဆိုင်းရင်း ဖရဲသီးများ ပျက်ဆီးပုပ်သိုးသွားသည့်အတွက် အရှုံးပေါ်ပြီး စွန့်ပစ်လိုက်ရသည်ဟု ဖရဲသီးကုန်သည် တစ်ဦးက ပြောသည်။
အချို့ ဖရဲသီးကားများက ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလတုန်းက နောက်ပြန်လှည့်၍ မူဆယ် (၁၀၅)မိုင်အနီးနှင့် ကွတ်ခိုင် မြို့ အစရှိသည့် ရှမ်းပြည်နယ် မြောက်ပိုင်းက မြို့များတွင်လည်း ဈေးပေါပေါနှင့် အရှုံးခံ ရောင်းချပြီး ပြန်ခဲ့ရသည် ဟု ဖရဲသီးကုန်သည်တစ်ဦး က ပြောသည်။
မြန်မာနိုင်ငံ၏ အကြီးဆုံးကုန်သွယ်သည့် နေရာဖြစ်သည့် မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေးလုပ်ငန်းများသည် ကိုဗစ်-၁၉ ရောဂါအခြေအနေအပြင် စစ်တပ်အာဏာသိမ်းမှု ၁ နှစ်ကျော် ကာလအတွင်း ရပ်ဆိုင်းလုနီးပါး ဖြစ်နေပြီဟု ဒေသခံများနှင့် နယ်စပ်က ကုန်သည်များက ပြောသည်။
ဓာတ်ပုံ – Mai