ပေါက်ကွဲမှု ဖြစ်ပြီးနောက် ကြံခင်းမြို့က နေအိမ် ၂ လုံးကို ချိပ်ပိတ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်။
ဧရာဝတီတိုင်း ဟင်္သာတခရိုင် ကြံခင်းမြို့၊ မြို့မ ရပ်ကွက်ရှိ နေအိမ် ၂လုံးကို စစ်ကောင်စီက ချိပ်ပိတ်သိမ်းဆည်း လိုက်သည်ဟု မြို့ခံများက ပြောသည်။
ဒေသအတွင်း ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှု ဖြစ်စဉ်တစ်ခုနှင့် အိမ်ရှင်များသည် ပတ်သက်ဆက်နွယ်သည်ဟုဆိုကာ
ဖေဖော်ဝါရီလ ၁၀ ရက်နေ့၊ ညနေပိုင်းက ချိပ်ပိတ် သိမ်းဆည်း လိုက်ခြင်း ဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“စစ်သားတွေ ရဲတွေ အလုံးအရင်းနဲ့ ရောက်လာပြီး ချိက်ပိတ်ကြတာ။ အိမ်မှာက ဘယ်သူမှမရှိဘူး။ အိမ်ရှင်တွေ က မိသားစုလိုက် ရှောင်တိမ်းနေတာ ၈ လရှိကျော်နေပြီ” ဟု ရပ်ကွက် အတွင်း နေထိုင်သူ တစ်ဦးက ပြောသည်။
ဇန်နဝါရီလ ၂၅ ရက်နေ့က ကြံခင်းမြို့တွင် ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုနှင့် ပါတ်သက်ပြီး စွပ်စွဲဖမ်းဆီးခံထား ရသူ လူငယ် ၇ ဦး နှင့် ဆက်စပ်ပတ်သက်မှု ရှိသည်ဆိုကာ အဆိုပါ နေအိမ် ၂ လုံးကို စစ်ကောင်စီက ချိပ်ပိတ်လိုက်ခြင်း ဖြစ်သည်ဟု အုပ်ချုပ်ရေးအဖွဲ့ဝင် အချို့ထံမှ သိရသည်။
ယခုချိပ်ပိတ်ခံလိုက်ရသည့် အိမ် ၂ လုံး၏ ပိုင်ရှင် ၂ ဦးမှာ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့ကြသည့် တက်ကြွ လှုပ်ရှားသူများဖြစ်ပြီး သဘာဝဘေး စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေ ပုဒ်မ ၂၅ ဖြင့် တရားစွဲခံထားရသည်။
ယနေ့အချိန်ထိ ဖမ်းဆီးခံရခြင်းမရှိဘဲ မိသားစုလိုက် ရှောင်တိမ်း နေကြရသည်ဟု မြို့ခံများ၏ ပြောပြချက်အရ သိရသည်။
အိမ်ချိပ်ပိတ်ရာတွင် မြန်အောင်မြို့ ခမရ (ခြေမြန်တပ်ရင်း) အမှတ် ၅၁ မှ စစ်သားများ၊ မြို့မရဲစခန်းမှ ရဲများ နှင့် အရပ်ဝတ်ဝတ်ထားသည့် လက်နက်ကိုင်များ၊ အုပ်ချုပ်ရေး အဖွဲ့ဝင်များ စုစုပေါင်း အင်အား ၅၀ ကျော်ခန့် က လာရောက် ချိပ်ပိတ်သွားခြင်း ဖြစ်သည်ဟု ဆိုကြသည်။
“နိုင်ငံရေး ပုဒ်မ အမျိုးမျိုးနဲ့ စွပ်စွဲခံရတဲ့သူ မပြောနဲ့ ထောင်ကျ တန်းကျ ကျွန်းကျသူတွေရဲ့ ပိုင်ဆိုင်မှုတွေကို တောင် ချိပ်ပိတ်သိမ်းတဲ့ အဖြစ်အပျက် အရင်က မြန်မာနိုင်ငံမှာ မရှိခဲ့ပါဘူး” ဟု အသက် ၇၀ နှစ်အရွယ် ရှေ့နေ ကြီး စောအေးသိန်း က ပြောသည်။
ဧရာဝတီတိုင်းအတွင်း စစ်ကောင်စီသည် နိုဝင်ဘာလမှ စတင်ပြီး နိုင်ငံရေးနှင့်ပါတ်သက်၍ ပုဒ်မ အမျိုးမျိုး အတပ် ခံထားရ သူအချို့၊ NLD ပါတီ အမာခံအချို့နှင့် NLD ပါတီက အမတ်များ၏ နေအိမ်များကို ချိပ်ပိတ် သိမ်းဆည်းမှု ခပ်စိပ်စိပ် ဆောင်ရွက် နေသည်ဟု ဧရာဝတီ လူအခွင့်အရေး တက်ကြွလှုပ်ရှားသူများ အဖွဲ့က အဖွဲ့ဝင် တစ်ဦးက ပြောသည်။
ဧရာဝတီတိုင်းတွင် နိုင်ငံရေး ပုဒ်မအမျိုးမျိုးဖြင့် စွပ်စွဲခံရသူများနှင့် ပါတ်သက်သည့် အိမ်၊ ခြံ၊ မြေ၊ ကား၊ ဆိုင်များ၊ ပရဟိတရုံး၊ ဆေးခန်းတို့အပါအဝင် အခမဲ့စာသင်ကျောင်းအချို့ကိုလည်း စစ်ကောင်စီက ချိပ်ပိတ်သိမ်းဆည်း လျှက်ရှိရာ ဒေသခံများ၏ ပြောကြားချက်အရ ချိပ်ပိတ် သိမ်းဆည်းမှုပေါင်း ၁၅၀ ကျော်ရှိပြီဟု သိရသည်။