မတ္တရာတွင် စစ်ကောင်စီ စစ်ကြောင်း ပဒေသာ မိုင်းဆွဲ တိုက်ခိုက်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်။
မတ္တရာမြို့တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သားများ မိုင်းဆွဲတိုက်ခိုက်ခံရပြီး အနည်းဆုံး ၆ ဦး သေဆုံးမှုရှိသည်ဟု သိရသည်။
ဖေဖော်ဝါရီလ ၁၁ ရက်နေ့၊ ညနေ ၃ နာရီကျော် အချိန်ခန့်က မန္တလေးတိုင်း မတ္တရာမြို့နယ် တောင်ကန်အုပ်စု ကြက်ပြင်ကျေးရွာ တံတားအနီးရှိ မြောင်းဘောင်တွင် ခြေလျင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ တပ်သား ၃၃ ဦး မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်။
“ရွာထဲမှာ မနေရတာ အတော်ကြာပြီ။ သူတို့တွေက အကြောင်းမျိုးမျိုးနဲ့ ခဏ ခဏလာပြီ မွှေနေကြတာ။ ညနေကလည်း တအုံးအုံးနဲ့ ကြားလိုက်တယ်။ ငါတို့မေတ္တာတွေ ပြန်ဆူးတာ” ဟု သဖန်းကိုင်းရွာခံ အမျိုးသမီးက ပြော သည်။
စစ်ကောင်စီ တပ်သားများသည် မတ္တရာ အရှေ့ပိုင်းက ကျေးရွာများတွင် နယ်မြေရှင်းလင်ရေးအတွက် ရောက်ရှိ နေသည်မှာ တစ်ပတ်ခန့်ရှိပြီဖြစ်ပြီး အပြန်တွင် ပဒေသာမိုင်းဆွဲ တိုက်ခိုက်ခံရခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
မိုင်းပြင်းအားကြောင့် စစ်ကောင်စီတပ်သား အနည်းဆုံး ၆ ဦး သေဆုံးခဲ့သည်ဟုလည်း သိရသည်။
စစ်သားများသည် သဖန်းကိုင်းကျေးရွာ၊ ကင်းကျေးရွာနှင့် လမိုင်းကျေးရွာများတွင် တပ်ဆွဲခဲ့ပြီး ကျေးရွာများ အတွင်းရှိ အိမ်များမှ ဆန်များနှင့် အခြားအသုံးအဆောင် ပစ္စည်းများကိုလည်း မွှေနှောက် ယူဆောင်သွား သည်ဟု ရွာသားများက ပြောသည်။
ကြက်ပြင်ကျေးရွာအတွင်း ခြေလျင်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းအား မိုင်းခွဲတိုက်ခိုက် ခြင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပကဖ-မတ္တရာနှင့် Mandalay People’s Defense Force(MPDF) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။