ကိုးကန့်တပ်ဖွဲ့ တည်ထောင်သူကွယ်လွန်

သတင်းနှင့် မီဒီယာကွန်ရက်။
ဖေဖော်ဝါရီလ ၁၆ ရက်၊ ၂၀၂၂ ခုနှစ်။

ကိုးကန့်တပ်ဖွဲ့ လို့ လူသိများတဲ့ မြန်မာ အမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် MNDAA တည်ထောင်သူနဲ့ ဥက္ကဌ ဟောင်းဖြစ်သူ ဦးဖုန်ကြားရှင် ဒီကနေ့ မနက်ပိုင်းမှာ ကွယ်လွန်သွားခဲ့တယ်လို့ MNDAA က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အသက် ၉၁ နှစ်ရှိပြီဖြစ်တဲ့ ဖုန်ကြားရှင်ဟာ သာမန် လူကြီးရောဂါနဲ့ပဲ ကွယ်လွန်ခဲ့တာ ဖြစ်တယ်လို့ MNDAA က ပြောပါတယ်။

ဖုန်ကြားရှင်ဟာ လက်နက်ကိုင်တော်လှန်ရေး ဘဝကို ၁၉၆၅ ခုနှစ်မှာ စတင်ခဲ့တာဖြစ်ပါတယ်။ ပထမဆုံး ဂျင်မီယန်း ဦးဆောင်တဲ့ ကိုးကန့် ပြည်သူ့ တော်လှန်ရေး တပ်မတော်မှာ အရာရှိ အဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

၁၉၆၉ ခုနှစ်မှာတော့ ဗမာပြည်ကွန်မြူနစ် ပါတီနဲ့ ပူးပေါင်းခဲ့ပါတယ်။

၁၉၈၉ ခုနှစ် မတ်လ အတွင်းမှာ ဗမာပြည်ကွန်မြူနစ်ပါတီကို တော်လှန်ပြီး မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) ကို ဖွဲ့စည်းပြီး ဦးဆောင်ခဲ့ပါတယ်။ ကိုးကန့်အဖွဲ့ဟာ ဗမာပြည်ကွန်မြူနစ်ပါတီကို တော်လှန်ခဲ့တဲ့ ပထမဆုံး တိုင်းရင်းသား တပ်ဖွဲ့ ဖြစ်ပါတယ်။

MNDAA ကို ဖွဲ့စည်းပြီးနောက်မှာ အဲဒီအချိန်မှာ ရှိနေတဲ့ မြန်မာစစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူခဲ့ပြီး မူးယစ်ဆေးဝါးကို တရားဝင်နီးပါး လုပ်ကိုင်ခွင့်ရခဲ့လို့ ဘိန်းရာဇာ တစ်ဦးအနေနဲ့လည်း နာမည်ကျော်ကြားခဲ့ပါတယ်။

၂၀၀၉ ခုနှစ်မှာ စစ်တပ်နဲ့ တိုက်ပွဲ ဖြစ်ပြီး တရုတ်နိုင်ငံမှာ ထွက်ပေးခိုလှုံနေခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာတော့ MNDAA တပ်မတော်ကို ပြန်လည် ဖွဲ့စည်းခဲ့ပြီး မြန်မာစစ်တပ်ကို ဆက်လက်တော်လှန်နေရင်း ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်မှာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။