ပလော ထွေအုပ်ရုံးနှင့် စရဖ ရုံးအနီး ဗုံးများပေါက်ကွဲ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်။
မြိတ်ခရိုင် ပုလောမြို့တွင် မြို့နယ်ထွေအုပ်ရုံးနှင့် စရဖရုံးအနီး တစ်နာရီအတွင်း ဗုံးနှစ်လုံး ရှေ့ဆင့်နောက်ဆင့် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်ဟု မြို့ခံများက ပြောသည်။
ဖေဖေါ်ဝါရီ ၁၃ ရက်နေ့ နံနက်ပိုင်း ၆ နာရီ အချိန်တွင် ပုလောမြို့လယ်တွင်ရှိသည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး ၏ နံဘေး အစပ်ကြားနေရာတွင် ဗုံးတစ်လုံးပေါက်ကွဲခဲ့ပြီး နောက် နံနက် ၇ နာရီ အချိန်ခန့်တွင် စစ် ဖက်ရေးရာလုံခြုံရေးတပ်ဖွဲရုံး အနီးတွင် နောက်ထပ်တစ်လုံး ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
အမှတ် ၁ ရပ်ကွက်တွင် နေထိုင်သူ မြို့ခံတစ်ဦးက “အုန်းကနဲ တလုံးပေါက်ပြီး နောက်တစ်နာရီလောက် ကြာ တော့ နောက်ထပ် အုန်း ကနဲ ထပ်ကြားရတာ။ ထွေအုပ်ရုံးရဲ့ ပြတင်းပေါက်က မှန်တွေ ကွဲကုန်တယ်။ လူထိ ခိုက်တာတော့ မကြားရဘူး” ဟု အတည်ပြု ပြောသည်။
ဗုံးပေါက်ကွဲမှုကြောင့် ရုံးအဆောက်အဦအတွင်းက ပြတင်းပေါက်မှန်အချို့သာ ကွဲသွားခဲ့သော်လည်း လူသူထိခိုက်မှု မရှိဟု သိရသည်။
အဆိုပါ ဗုံးဖောက်ခွဲမှုကို မည်သည့်အဖွဲ့က လုပ်ဆောင်ခဲ့သည်ကို ယခုအချိန်ထိ မသိရသေးကြောင်း ဒေသခံများ က ပြောသည်။
ပေါက်ကွဲမှုများ ဖြစ်ပွားပြီးချိန်တွင် ပုလောမြို့ပေါ်တွင် စစ်ဆေးမှုများတင်းကြပ်လျက် ရှိနေပြီး ယခုရက်ပိုင်းတွင် မြို့တွင်းက နေရာအချို့တို့တွင် လုံခြုံရေးများ ထပ်တိုးချထားသည်ဟု သိရသည်။