တပ်အရာရှိများ လောင်းကစားဒိုင်များမှ ဝင်ငွေရှာနေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်။
ဧရာဝတီတိုင်း အတွင်းရှိ မြို့အချို့တွင် တာဝန်ကျနေသည့် စစ်ကောင်စီအရာရှိများပေါင်း၍ လောင်းကစားဒိုင်များထံမှ လိုင်းကြေး (လာဘ်) ယူကာ လောင်းကစားဝိုင်းများ ဖွင့်ခွင့်ပြုနေသည်ဟု မြို့ခံများက ပြောသည်။
မအူပင်မြို့ အထိုင်တပ်က အရာရှိများ အပါအဝင် ယင်းမြို့တွင် တာဝန်ကျနေသည့် ကျိုက်လတ်မြို့မှ တပ်က အရာ ရှိများနှင့် မော်လမြိုင်ကျွန်း မြို့မှ တပ်က အရာရှိများက ပူးပေါင်းကာ ရပ်ကွက်များနှင့် ကျေးရွာအချို့တို့တွင် လောင်းကစားဒိုင်များ ကစားဝိုင်းများ ဖွင့်ခွင့်ပြုထားခြင်းဖြစ်သည်ဟု ဒေသခံများ က ပြောသည်။
“တပ်ရံပုံငွေရှာတယ် ဆိုပြီး အရာရှိတွေ ပေါင်းပြီး လုပ်စားနေကြတာ။ ဆိုင်ကယ် စက်လှေ ကားတွေ သိမ်းမိရင် လည်း အရာရှိတွေက ယူတယ်” ဟု စစ်ကောင်စီ အမာခံ သတင်းပေးတစ်ဦး နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
မအူပင်မြို့ အခြေစိုက် ခလရ ၂၇ မှ ဗိုလ်မှူး သက်ပိုင်အောင်၊ မအူပင်မြို့တွင် လုံခြုံရေး တာဝန်ကျသည့် မော်လ မြိုင်ကျွန်းမြို့ ခြေမြန်တပ်ရင်း (ခမရ )၅၃၄ က ဗိုလ်ကြီး သူရိန်စိုး နှင့် အမည်မသိသည့် အရာရှိတစ်ဦး တို့ ပေါင်း ပြီး ထိုသို့ လုပ်ကိုင်ခွင့်ပြုနေခြင်း ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
ကျိုက်လတ်မြို့ခံ ကိုမင်းမင်းက “လိုင်းကြေး မပေးဘဲ လုပ်တဲ့ လောင်းကစား ဝိုင်းကိုဖမ်းတယ်။ ပြီးတော့ပိုက်ဆံ တောင်းပြီးပြန်လွှတ် ပေးတယ်” ဟု ပြောသည်။
လောင်းကစားဝိုင်းကို တစ်ပတ်လျှင် နှစ်ကြိမ်ဖွင့်ကာ တစ်ဝိုင်းလျှင် ငွေ ၈ သိန်းစီ အထက်ကို စစ်ကောင်စီ တပ် များက အရာရှိများထံ ငွေပေးသွင်းကြရသည်ဟု လောင်းကစားဝိုင်း ဒိုင်ဖွင့်သူနှင့် နီးစပ်သူ အချို့က ပြောသည်။
စစ်ကောင်စီ တပ်ဖွဲ့ဝင်များကလည်း မအူပင်၊ ကျိုက်လတ်၊ မော်လမြိုင်ကျွန်းမြို့ ၃ မြို့အတွင်းရှိ မြစ်ချောင်းများ တွင် သစ်၊ မီးသွေး၊ နွားခိုးထုတ်သည့် စက်လှေ၊ ခိုးဝင် အစ္စလာမ်ဘာသာဝင်များ၏ စက်လှေများကို လိုင်းကြေး ယူကာ ခွင့်ပြုနေသည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
“အာဏာသိမ်းပြီးတော့မှ လောင်းကစားဝိုင်းတွေ မှိုလိုပေါက်နေတော့ သူခိုးသူဝှက်က ပိုများလာတယ်။ တောင် သူတွေ လယ်ရောင်း ကိုင်းရောင်းနဲ့ ဖြစ်ကုန်ကြတယ်” ဟု လယ်သမားအရေး တက်ကြွလှုပ်ရှားသူ တစ်ဦးက ပြော သည်။
ဇန္နဝါရီလ ၂၁ ရက်နေ့က ကျိုက်လတ်မြို့ရှိ “ရှေ့သို့” စားသောက်ဆိုင် ခြံဝင်း အတွင်းမှ ကြက်ဝိုင်းကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဖမ်းဆီးပြီး ဆိုင်ပိုင်ရှင် ကိုခိုင်ဝင်း ထံမှ ငွေ ၂၅ သိန်း တောင်းယူခဲ့ပြီးနောက် ပြန်လွှတ် ပေးခဲ့ သည်ဟု ကိုမင်းမင်းက ဆက်ပြောသည်။
ခလရ ၂၇ မှ ဗိုလ်မှူး သက်ပိုင်အောင် နှင့် ခမရ ၅၃၄ မှ ဗိုလ်ကြီးသူရိန်စိုးတို့ ပေါင်း၍ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အဆို ပါ ကြက်ဝိုင်းမှ သိမ်းဆည်းရမိခဲ့သည့် စက်လှေတစ်စီးကို ဗိုလ်မှူးသက်ပိုင်အောင် က ယူထားသည်ဟု ရဲသတင်း တပ်ဖွဲ့ နှင့် နီးစပ်သူ တစ်ဦးက ပြောသည်။
ဧရာဝတီတိုင်းတွင် ညောင်တုန်း၊ သာပေါင်း၊ ကြံခင်း၊ မြန်အောင်၊ ဟင်္သာတ၊ ကျောင်းကုန်း၊ ပုသိမ်၊ မြောင်းမြ၊ ပန်းတနော်၊ မအူပင်၊ ကျုံပျော်၊ ကန်ကြီးထောင့် စသည့်မြို့နယ်များတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် စစ်ကောင် စီခန့် အုပ်ချုပ်ရေးမှူးများက လိုင်းကြေး(လာဘ်) ယူကာ လောင်းကစားမျိုးစုံကို ၂၀၂၁ ခုနှစ် ဇွန်လမှ စတင်ကာ ယနေ့အချိန်ထိ ဖွင့်ခွင့်ပြုထားခြင်း ဖြစ်သည်ဟု ဒေသခံများ၏ ပြောပြချက်များအရ သိရသည်။