တနင်္သာရီတွင် စစ်ကောင်စီနဲ့ PDF တပ်ဖွဲ့တို့ တစ်နာရီကြာ တိုက်ပွဲ ဖြစ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်။
တနင်္သာရီတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ ကာကွယ်ရေး တပ် PDF တို့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ (ယနေ့) နံနက်အစောပိုင်းက တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။
မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ပဝကျေးရွာအုပ်စု၊ သက်ကယ်ဂျွန်ကျေးရွာ အနောက်ဖက်တွင် ဖေဖော်ဝါရီ ၁၇ ရက်နေ့ ယနေ့နံနက် ၆ နာရီခန့်က စစ်ကောင်စီ တပ်ဖွဲ့ဝင်များ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ဒေသခံ PDF တပ်ဖွဲ့တို့နှင့် တိုက်ပွဲများဖြစ်ပွားခဲ့သည်ဟု ဒေသခံများကပြောသည်။
အသက် ၄၀ နှစ်အရွယ်ခန့်ရှိသည့် ရွာသားတစ်ဦးက “သေနတ်သံတွေက အဆက်မပြတ်ပဲ၊ လက်နက်ကြီးပစ်သံ တွေက ၁၀ ချက်ကျော်တယ်။ တဂျိမ်းဂျိမ်းနဲ့ ကြား နေရတာ။ မြေကြီးတွေပါတုန်နေတာ” ဟု ပြောသည်။
စစ်ကြောင်းထိုး လှုပ်ရှား ချီတက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သက်ကယ်ဂျွန်ကျေးရွာအနီးသို့ ရောက်ရှိ လာချိန်တွင် မိုင်းဆွဲခံခဲ့ရပြီးနောက် နှစ်ဘက်အပြန်အလှန်ပစ်ခတ်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
တိုက်ပွဲဖြစ်ပွားချိန် ၁ နာရီကျော်ခန့် ကြာမြင့်ခဲ့ပြီး မိုင်းဆွဲတိုက်ခိုက်ရမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦး သေဆုံးခဲ့သည်ဟု ဒေသခံများ၏ ပြောပြချက်အရသိရပြီး နောက်ဆက်တွဲ နှစ်ဖက် ထိခိုက်ကျဆုံးမှုကို မသိရသေးဟု ဒေသခံများက ပြောသည်။
ပဝကျေးရွာ၊ သက်ကယ်ဂျွန်ကျေးရွာနှင့် အနီးအနားက ကျေးရွာများ ဖြစ်ကြသည့် ဂုံမင်းတော၊ ပိန်းတော စသည့် ကျေးရွာများတွင် နေထိုင်ကြသည့် ရွာသားများက ယနေ့နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် ဘေးလွတ် မည့် တောထဲသို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ရွာသားများက ပြောသည်။
တိုက်ပွဲဖြစ်ပွားပြီးသည့် အချိန်မှစ၍ ညနေပိုင်းအထိ ပစ်ခတ်သံများ ငြိမ်သက်သွားပြီ ဖြစ်သော်လည်း ဒေသခံရွာ သားများက တိုက်ပွဲများထပ်မံ ဖြစ်ပွားမည်ကို စိုးရိမ်ပြီး တောထဲတွက် ဆက်လက်ခိုလှုံနေကြသည်ဟု သိရသည်။