ရွှေတူးဖော်မှု များလာခြင်းကြောင့် ဧရာဝတီတွင် အရင်လို ငါးမရဟု တံငါသည်များပြော
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်။
စစ်တပ်က အာဏာသိမ်းလိုက်သည့်နောက် ရွှေတူးဖော်မှုများ များပြားလာခြင်းကြောင့် ဧရာဝတီမြစ်ထဲတွင် ငါးများရှားပါးလာသည်ဟု တစ်နိုင်တစ်ပိုင် ငါးဖမ်းလုပ်ငန်း လုပ်ကိုင်နေသူများ က ပြောသည်။
စားဝတ်နေရေးအတွက် တစ်နိုင်တစ်ပိုင် ငါးဖမ်းလုပ်ငန်း လုပ်ကိုင်နေသည့် မြစ်ကြီးနားမြို့မှ ကိုအတားက ယခင်နှင့် ယခု အခြေအနေကို နှိုင်းယှဉ်ပြီး ပြောပြသည်။
“အရင်တုန်းက ပိုက်တားတာတို့ ဘာတို့ ညာတို့ဆိုရင် ငါး ရတယ်။ အခုက ပိုက်တန်းတာတို့ ဘာတို့ညာတို့ ဆိုရင် ငါးတော့ မရတော့ဘူး။ ပိုက်မျှောတာတို့ကျတော့ တစ်ခါမျှောရင် တစ်ပိသာတို့ နှစ်ပိသာတို့ ရတယ်။ အခုဆို တော့ အခုအခြေအနေ နဲ့ဆိုရင် တစ်ခါတစ်လေမှ ငါးဆယ်သားတို့ ဘာတို့ညာတို့ရတယ်” ဟု ပြောသည်။
ထိုသို့ ငါးများရှားပါးလာသည့်အတွက် စားဝတ်နေရေးအတွက် ရှာဖွေစားသောက်ရာတွင် ပိုမိုခက်ခဲလာပြီး ငါးရ ရှိမှုများမှာလည်း အရင်ကထက် များစွာ ကွာခြားမှု ရှိလာသည်ဟု ဆိုသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဧရာ၀တီမြစ်ဆုံနှင့် မြစ်ကြောတစ်လျှောက်တွင် ရွှေတူးဖော်မှုများ အဆမတန် များပြားလာပြီး ရွှေတူးဖော်ရာတွင် အသုံးပြုသည့် စက်ပစ္စည်းများ၊ ဓာတု ပစ္စည်းများနှင့် ငါးရှော့တိုက်မှုများ ကြောင့် ငါးများရှားပါးလာခြင်း ဖြစ်နိုင်သည်ဟု ကိုအတားက ဆက်ပြောသည်။
“ငါးရှားသွားတဲ့ အကြောင်းက အထက်မှာ ရွှေတူးတော့ ရေတွေနှောက်သွားတယ်။ ရေတွေနှောက်တော့ ပြဒါးတွေ ရွှေတူးတဲ့အခါမှာ ယူတဲ့ ပြဒါးတွေပေါ့ ပြဒါးတွေ စားပြီးတော့ ငါးတွေအဆိပ်တက်ပြီးမှ သေတယ်။ ပြီးတော့ ဒါတွေ မကသေးဘူး ရှော့တိုက်တာတို့ ရှော့တိုက်တာက ပိုပြီးတော့မှ ငါးမျိုးစိတ်ရှားပါးတယ်” ဟု ပြောသည်။
ဧရာဝတီမြစ်ရေကို သောက်သုံးရေအတွက် အသုံးပြု၍ မရတော့ခြင်း၊ ရေထိသည့်အခါတွင် ယားယံခြင်းနှင့် သဘာဝပတ်ဝန်းကျင် ပျက်ဆီးမှုများလည်း များစွာရှိနေသည်ဟု ဒေသခံများက ပြောသည်။
ကချင်ပြည်နယ်တွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ၏ ပြည်နယ် အုပ်ချုပ်ရေး အဖွဲ့ တာဝန် ရှိသူများ၏ ခွင့်ပြုချက်ဖြင့် စီးပွားရေး လုပ်ငန်းရှင်များနှင့် ကုမ္ပဏီများက ရွှေတူးဖော်မှုများကို မြစ်ဆုံ အပါအဝင် ဧရာဝတီမြစ်ကြော တစ်လျှောက်တွင် လုပ်ဆောင်နေသည်ဟု ဒေသခံများက ဆိုသည်။
လက်ရှိတွင် ရွှေတူးဖော်မှုများကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများမှာလည်း ယခင်ကထက် ပိုများ လာသည့်အတွက် ဒေသခံများနှင့် သဘာဝ ပတ်ဝန်းကျင်အရေး လုပ်ဆောင်သူများက ရွှေတူးဖော်မှုများကို ရပ် တန့်ပေးရန် စစ်ကောင်စီ တာဝန်ရှိသူများကို တောင်းဆိုထားကြသည်။
ထိုသို့တောင်းဆိုထားသော်လည်း စစ်ကောင်စီ တာဝန်ရှိသူများက တစ်စုံတစ်ရာ ဖြေရှင်းပေးခြင်းမရှိဟု ဒေသခံ များက ပြောသည်။
စစ်ကောင်စီ တာဝန်ရှိသူများက ယခုကဲ့သို့ တာဝန်ယူ ဖြေရှင်းပေးခြင်း မရှိသည့်အတွက် သဘောဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများနှင့် ဧရာဝတီမြစ်ကို အမှီပြုပြီး လုပ်ကိုင်စားသောက်နေကြသည့် ဒေသခံများမှာ အခက် အခဲ မျိုးစုံနှင့် ကြုံတွေ့နေရသည်ဟု ဒေသခံများက ဆိုသည်။