ကပစ ၁၉ သို့ ပေးပို့သည့် ဓါတ်အားပေးတိုင် တစ်တိုင် ဖောက်ခွဲခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်။

ပဲခူးတိုင်း အနောက်၊ ပြည်မြို့ ကာကွယ်ရေးပစ္စည်းစက်ရုံ အမှတ် ၁၉ ကို သွယ်တန်းထားသည့် လျှပ်စစ် ဓာတ်အားတိုင်တစ်တိုင် ဗုံးဖေါက်ဖျက်ဆီးခံလိုက်ရသည်။

အဆိုပါ လျှပ်စစ်ဓါတ်အားတိုင်ကို ဖေဖော်ဝါရီလ ၁၈ ရက်နေ့၊ မွန်းလွဲပိုင်းက ဗုံးဖောက်ဖျက်ဆီးလိုက်သည် ဟု ပြည် PDF ၏ တပ်ခွဲတစ်ခုဖြစ်သည့် People Shadow Rangerက ထုတ်ပြန်ကြေငြာထားသည်။

“အခုတိုက်ခိုက်မှုမှာ အရပ်သားပြည်သူ တစ်ဦးမှ ထိခိုက်မှုမရှိပါဘူး။ မထိအောင်လည်း သတိထား လုပ်နေတာ ပါ” ဟု ပြည် PDF တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကာကွယ်ရေး အဖွဲ့သည် စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တယားများကို နည်းလမ်းပေါင်းစုံဖြင့် ဟန့်တား ဖြတ် တောက်လျှက်ရှိပြီး ပြည်သူလူထုအား ထိခိုက်မှုအလျဉ်း မရှိအောင် သတိထားဆောင်ရွက်လျှက်ရှိသည်ဟု ပြည် PDF တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြည်-မကွေးကားလမ်း အနီးရှိ နီလာရိုးမ ဆီဆိုင်ရှေ့က ဓာတ်အားတိုင် ဖောက်ခွဲခံရခြင်းဖြစ်ပြီး အဆိုပါ လျှပ်စစ် ဓါတ်အားတိုင်သည် ကာကွယ်ရေးပစ္စည်း စက်ရုံ အမှတ် ၁၉ ကို သွယ်တန်းထားသည့် လျှပ်စစ်ဓါတ်အားလိုင်း ဖြစ်သည်ဟု ပြောသည်။

ယင်းဓာတ်အားတိုင် ဖောက်ခွဲဖျက်ဆီးခံရသောကြောင့် ယင်းတပ်တွင် ညနေပိုင်းအထိ လျှပ်စစ်မီးပြတ်တောက် မှုဖြစ်နေသည်ဟု စုံစမ်းသိရသည်။

”ကျနော်သိတာတော့ ၂ ခါမကဘူး။ ခွဲခံထိတာ။ ခွဲလိုက်တိုင်း အဲ့တပ်မှောင်တာဘဲ” ဟု အသက် ၃၅ နှစ်ခန့်ရှိ
ပြည်မြို့နယ်နေသူ တစ်ဦးက ပြောသည်။

ယခုထက် ပိုမိုပြင်းထန်သည့် တိုက်ခိုက်မှုများနှင့်အတူ စစ်အာဏာရှင်အား ထောက်ပံ့ပေးလျှက်ရှိသည့် ရေ သောက်မြစ်များအား ဒဏ်ခတ်အရေးယူသွားမည်ဖြစ်ပြီး ပြည်သူများ ဘေးကင်းလုံခြုံရေးအတွက် သတိဖြင့် သွားလာနေထိုင်ကြရန် မေတ္တာရပ်ခံအသိပေးအပ်ပါသည်ဟု PDF ၏ ကြေညာချက်တွင် ထည့်သွင်းဖော်ပြထား သည်။

ပြီးခဲ့သည့်နှစ် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ နေ့ကလည်း ပျဉ်းမအိုင်ကျေးရွာ တီတွတ်ဘူတာရုံ အနီးရှိ ကာကွယ်ရေး ပစ္စည်းစက်ရုံ ၁၉ ကို သွယ်တန်းထားသော လျှပ်စစ်ဓါတ်အားတိုင် ဖောက်ခွဲဖျက်စီးခဲ့သေးသည်ဟု သိရသည်။

အမှတ် ၁၉ ကာကွယ်ရေး ပစ္စည်းစက်ရုံ၊ အမှတ် ၁၇ ကာကွယ်ရေး ပစ္စည်းစက်ရုံနှင့် အမှတ် ၁၈ ကာကွယ်ရေး ပစ္စည်းစက်ရုံတို့သည် ၂၀၀၁ ခုနှစ်တွင် စတင်တည်ထောင်ထားသည့် စက်ရုံများ ဖြစ်သည်ဟု သိရသည်။