တနင်္သာရီတွင် ရွာသားတစ်ထောင်နီးပါး စစ်ဘေးရှောင်နေရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်။

တနင်္သာရီတွင် စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြားက တိုက်ပွဲများကြောင့် ရွာသား တစ်ထောင်နီးပါး စစ်ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ကြရသည်။

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ပဝကျေးရွာအနီးတွင် ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ညနေ ၃နာရီခွဲ အချိန်ခန့်မှစတင်၍ စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDFတို့ တိုက်ပွဲများ ထပ်မံဖြစ်ပွားခဲ့သဖြင့် ကျေးရွာ နေထိုင်သူ တစ်ထောင်ခန့် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ရွာသားများကပြောသည်။

“အခုရွာထဲမှာ လူမရှိတော့ဘူး။ တိုက်ပွဲမဖြစ်ခင် နေ့လည်ပိုင်းက လေယာဉ် ၂စီး သုံးလေး ခေါက် လာပျံဝဲနေ သေးတယ်။ ပြီးတော့ စစ်တပ်က လှေ ၂ စီး အပြည့်နဲ့ ပဝရွာကိုရောက်လာတယ်” ဟု အသက် ၅၀ အရွယ်ရှိ ပဝကျေးရွာသား တစ်ဦးကပြောသည်။

တိုက်ပွဲဖြစ်ပွားရာနှင့် အနီးတဝိုက်က ရွာများဖြစ်သည့် ပဝါရွာမကျေးရွာ၊ သက်ကယ်ဂျွန်ကျေးရွာ၊ ချောင်း ကောက်ကျေးရွာများ အတွင်းသို့ လက်နက်ကြီးကျည်များ ကျရောက်ခဲ့ပြီးနောက် ဒေသခံရွာသား တစ်ထောင် ဝန်းကျင်ခန့်သည် နီးစပ်ရာဥယျာဉ်ခြံများနှင့် တောများအတွင်းသို့ ထွက်ပြေးတိမ်းရှောင်နေကြရခြင်း ဖြစ်သည်။

လက်ရှိတွင် အသက်ကြီးရွယ်အိုများနှင့် ကလေးများအတွက် အမိုးအကာများ၊ စားနပ်ရိက္ခာများနှင့် ဆေးဝါးများ အရေးပေါ်လိုအပ်နေသည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် PDF များနှင့် နှစ်ဘက်အပြန်အလှန် ပစ်ခတ်မှုအတွင်း လူထုနေထိုင်နေသည့် ကျေးရွာများဘက်သို့ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခဲ့မှုများလည်း ရှိသည်ဟု သိရသည်။

ဖေဖော်ဝါရီလ ၁၇ ရက်နေ့၊ နံနက်ပိုင်းတွင်လည်း စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသခံ PDF များ အပြန်အလှန် ပစ်ခတ် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့မှ အင်အားဖြည့်တင်းကာ စစ်ဆင်ရေး ပုံစံမျိုး လုပ်လာတာ ဖြစ်နိုင် ကြောင်း ဒေသခံများကဆိုသည်။

ပဝကျေးရွာအနီး သက်ကယ်ဂျွန်ကျေးရွာအနောက်ဘက်တွင် ဖေဖော်ဝါရီလ ၁၇ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ သည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံးခဲ့ပြီး ၅ဦးဒဏ်ရာရရှိသွားခဲ့သည်ဟု ဒေသခံများကပြောသည်။

ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ညအချိန်အထိ ထပ်မံဖြစ်ပွားနေသည့် တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှု အခြေ အနေကို မသိရသေးသဖြင့် အတည်ပြုနိုင်ရန် သတင်းနှင့် မီဒီယာကွန်ယက်သတင်းဌာနမှ ဆက်လက် စုံစမ်းနေဆဲ ဖြစ်သည်။