ပေါက်ကွဲသံ ထွက်ပေါ်ပြီးနောက် ၇ ဈေး မီးလောင်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်။
သာကေတမြို့နယ်၊ ၇ စျေးတွင် ယနေ့ မွန်းလွဲ ၁ နာရီဝန်းကျင် အချိန်က အဆင့် ၂ (Level 2) အဆင့် မီးလောင်မှု တစ်ခုဖြစ်ပွားခဲ့သည်ဟု မြို့နယ်အတွင်းနေထိုင်သူများ က ပြောဆိုသည်။
၇ ရပ်ကွက်အတွင်းရှိ စျေးမီးလောင်မှု မဖြစ်ပွားမှီ ပေါက်ကွဲသံ ၂ ချက်ကြားလိုက်ပြီး ခဏအကြာတွင် မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် မီးသတ်ကား အစီး ၃၀ ဝန်းကျင် လာရောက် မီးငြိမ်းသတ်ခဲ့ရသည်ဟု စျေးအနီးတွင် နေထိုင်သူများက ပြောသည်။
အဆိုပါစျေးအနီးနေထိုင်သည့် အသက် ၅၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦးက “ပေါက်ကွဲသံကြားပြီး သိပ် မကြာဘူး။ မီးသတ်ကားတွေ ရောက်ချလာတာ။ မီးလည်းများတယ်” ဟု ပြောသည်။
အဆိုပါမီး လောင်မှုမှာ စစ်ကောင်စီတပ်သားများ၏ မီးလောင်ဗုံးဖောက်ခွဲခြင်း ကြောင့်ဖြစ်နိုင်သည်ဟု မြို့နယ်အတွင်း နေ ထိုင်သူများ က ယူဆပြောဆိုနေကြသည်။
“သူတို့ လှည့်ကင်းကားကို မနက်က လက်ပစ်ဗုံးနဲ့ ပစ်ပြီး သေနတ်နဲ့ဝိုင်း ပစ်ကြတယ်။ အဲ့ဒါကို မကျေနပ်လို့ စျေးကို မီးလောင်ဗုံးလာဖောက်တာ” ဟု အဆိုပါ စျေးအနီးနေထိုင်သည့် အသက် ၂၀ ကျော်အရွယ် အမျိုးသမီး တစ်ဦးက ပြောသည်။
ထိုစျေးမီးလောင်မှုနှင့် ပတ်သက်၍ သာကေတမြို့နယ်အတွင်း နေထိုင်သူများကလည်း ၎င်းတို့၏ လူမှုကွန်ရက် စာမျက်နှာများတွင် မီးလောင်ဗုံးကြောင့်ဖြစ်ကြောင်း ရေးသားထားကြသည်။
သာတေကမြို့နယ်၊ ၇ စျေးမီးလောင်မှု မဖြစ်ပွားမီ နာရီဝက်ခန့်အလိုတွင် ကင်းလှည့်နေသည့် စစ်ကောင်စီ ယာဉ် တစ်စီးကို လက်နက်ကိုင် အဖွဲ့အချို့က လက်ပစ်ဗုံးပစ်သွင်းပြီး သေနတ်ဖြင့်ဝိုင်းဝန်း ပစ်ခတ်ခဲ့သဖြင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များဘက်တွင် ထိခိုက်သေဆုံးမှုရှိခဲ့သည်ဟု မြို့ နယ်အတွင်း သတင်းဖေ့ချ်များတွင် ဖော်ပြထားသည်။
သတင်းမီဒီယာ ကွန်ရက် (Network Media Group) အနေဖြင့် မီးလောင်သည့် အကြောင်းရင်းကို သီးခြား အတည်မပြုနိုင်သေးပါ။
ထို့နောက် သာကေတရုပ်ရှင်ရုံလမ်းဆုံနှင့် ရုပ်ရှင်ရုံဘေးရှိ မုန့်ဆိုင်တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ကင်းပုန်းချ ထားသည်ဟု သာကေတ မြို့နယ်နှင့် ပတ်သက်သည့် သတင်းများကို ဖော်ပြနေသည့် Tharkayta News က ရေး သားထားသည်။
သာကေတ ၇ စျေးမီးလောင်မှုကို Level 2 အဆင့်သတ်မှတ် ငြိမ်းသတ်ခဲ့ရပြီး မွန်းလွဲ ၁ နာရီခွဲအချိန်တွင် မီးထိန်း နိုင်ခဲ့ပြီး ၁ နာရီ ၃၇ မိနစ် တွင်မီးငြိမ်းသတ်နိုင်ခဲ့သည်ဟု မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သတင်း ထုတ်ပြန်ထား သည်။