မွေးနေ့ ဧည့်ခံပွဲက လူငယ် ၂၀ ကျော်ကို စစ်ကောင်စီ ဖမ်းဆီး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၃ ရက်။
ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ရှိ အအေးဆိုင်တခုတွင် လူငယ်များစုပေါင်းပြီး မွေးနေ့ ဧည့်ခံ ကျွေးမွေးရန် လူစုနေစဉ် လူငယ် ၂၄ ဦးအား စစ်ကောင်စီက ဖမ်းဆီးသွားသည်ဟု ဒေသခံများက ပြောသည်။
ဖေဖော်ဝါရီလ ၂၂ ရက်နေ့၊ မွန်းလွဲ ပိုင်းက လောင်းလုံးမြို့နယ်၊ သဗျာကျေးရွာက လူငယ်များစုပေါင်းပြီး မွေးနေ့ပွဲဧည့်ခံကျွေးမွေးဖို့ လူစုနေ ကြစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လာရောက်ဖမ်းဆီးသွားသည်ဟု ဒေသခံများက ပြောသည်။
“အဖမ်းခံရတဲ့သူတွေက တခြားရွာကတွေ များတယ်။ မွေးနေ့အထိမ်းအမှတ်ကျွေးမွေးဖို့ လူစုပြီး ဆိုင်ထဲဝင် တုန်းမှာ လာဖမ်းသွားတာ” ဟု အသက် ၃၀ အရွယ် သဗျာကျေးရွာသူ အမျိုးသမီးတစ်ဦးက ပြောသည်။
ရဲကား၊ စစ်ကားများနှင့် အချုပ်ကား အပါအဝင် ကား ၁၀ စီးခန့်၊ အင်အားအလုံးအရင်းဖြင့် မိုးမိုး 3D အမည်ရှိ အအေးဆိုင်အတွင်း ဝင်ရောက်ဖမ်းဆီးခြင်းဖြစ်သည်။
အဖမ်းဆီးခံခဲ့ရသူများမှာ လက်ရှိကျောင်းတက်နေဆဲ ကျောင်းသား အချို့ပါဝင်ပြီး ယောက်ကျားလေး ၁၅ ဦး၊ မိန်းကလေး ၉ ဦး၊ စုစုပေါင်း ၂၄ ဦး ဖြစ်သည်ဟု သိရသည်။
ကျေးရွာအတွင်း လူစုလူဝေးပြုလုပ်နေသောကြောင့် လာရောက်ဖမ်းခြင်း ဖြစ်နိုင်ပြီး ဖမ်းဆီးခံရသည့် လူငယ်များ မှာ နိုင်ငံရေးနှင့် ပတ်သက်ဆက်နွယ်မှုမျိုး မရှိဟု သဗျာကျေးရွာက ဒေသခံများက ပြောသည်။
သဗျာကျေးရွာမှ ဖမ်းဆီးခံရသူ လူငယ် ၂၄ ဦး ကို လောင်းလုံးမြို့မရဲစခန်းတွင် ဖမ်းဆီးစစ်ဆေးနေဆဲဖြစ်ပြီး မိဘ ဆွေမျိုးများနှင့် တွေ့ဆုံခွင့် မရရှိသေးဘူးဟုလည်း ဆွေမျိုးတော်စပ်သူတစ်ဦးက ဆိုသည်။