စစ်ကောင်စီ တပ်ရင်းအချို့ ၂ ခြောက်လုံးနေ့တွင် ပစ်ခတ် တိုက်ခိုက် ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်။
နှစ်ခြောက်လုံးသပိတ် အထိမ်းအမှတ်နေ့အဖြစ် ရန်ကုန်တိုင်းဒေသကြီးအတွင်း စစ်ကောင်စီတပ်ရင်းအချို့ ပစ်ခတ် တိုက်ခိုက်ခံခဲ့ရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ရင်းနှစ်ခုကို ဖေဖော်ဝါရီ ၂၂ ရက်နေ့၊ နံနက် ၅ နာရီ အချိန်က ပြန်လည်စုရုံး နှစ်ခြောက်လုံး သပိတ်အထိမ်းအမှတ်အနေဖြင့် တိုက်ခိုက်မှုပြုလုပ်ခဲ့ သည် ဟု ဖက်ဒရယ်လွတ်မြောက်ရေးတပ်တော် FLA က သတင်းထုတ်ပြန်ခဲ့သည်။
“၅ နာရီ ၃၆တွင် တောင်ဥက္ကလာပမြို့နယ်ရှိ ၄၃၅/၄၃၆ တပ်ရင်းအား လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခဲ့သည်။ ထပ်မံ ၍ နံနက် ၅နာရီ၅၈မိနစ်တွင် ဂိတ်အား သေနတ်ဖြင့် ပစ်ခတ်ခဲ့ပါသည်” ဟု ဖက်ဒရယ်လွတ်မြာက်ရေး တပ်တော် က ပြောသည်။
တောင်ဥက္ကလာပမြို့နယ် အတွင်းရှိ ၄၃၅ တပ်ရင်းနှင့် ၄၃၆ တပ်ရင်း တို့ကို လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ပြီး သေ နတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟု ယင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
အလားတူ “ပြန်လည်စုရုံး နှစ်ခြောက်လုံး သပိတ် အထိမ်းအမှတ် အနေဖြင့် မိမိတို့ ဖက်ဒရယ်လွတ်မြောက်ရေး တပ်တော်၊ မင်္ဂလာဒုံတပ်ခွဲမှ ၂၂.၂.၂၀၂၂ ရက်နေ့၊ နံနက် ၅နာရီ ၅၇ တွင် စကစ၏ ဒေါက်တိုင်ဖြစ်သော EPC ၀န်း ထဲရှိ စကစ အစောင့်များအား လက်ပစ်ဗုံးဖြင့်တိုက်ခိုက်မှုပြုခဲ့သည်။ ၀န်းအတွင်းပျက်စီးထိခိုက်မှု များရှိခဲ့ပါ သည်” ဟု FLA သတင်းနှင့်ပြန်ကြားရေး ပြောသည်။
ပြန်လည်စုရုံးနှစ်ခြောက်လုံးသပိတ် ကျင်းပသည့် ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရန်ကုန်မြို့အတွင်း ပုံမှန်ထက် ပို၍ ကင်းလှည့်နေပြီး အရပ်ဝတ် ကင်းပုန်းများလည်း ချထားသည်ဟု ရန်ကုန်မြို့ တွင်းနေထိုင်သူများထံမှ သိရသည်။
ထို့အပြင် မြောက်ဒဂုံမြို့နယ်၊ ၇/၈ လမ်းဆုံတွင်လည်း ဖေဖော်ဝါရီလ ၂၁ ရက်နေ့၊ ညပိုင်းက သပိတ်ကို ကြိုဆို သည့် အနေဖြင့် စစ်ကောင်စီယာဉ်တန်းကို မိုင်းခွဲတိုက်ခိုက်ခဲ့သေးသည်ဟု The Boys Army အဖွဲ့က ထုတ်ပြန် ထားသည်။
“ညက ပေါက်တာတော့ တော်တော်ပြင်းတယ်။ ၂ ကြိမ်ပေါက်တာ။ ပြီးတော့ သေနတ်သံတွေလည်း ကြားရ တယ်။ စစ်သားတွေဆဲဆိုပြီး ရပ်ကွက်ကိုပတ်ရမ်းနေသေးတယ်” ဟု ၇/၈ လမ်းဆုံအနီးနေထိုင်သည့် အသက် ၃၀ ဝန်း ကျင် အရွယ်အမျိုးသမီးတစ်ဦး က ဆိုသည်။
ပြည်ထောင်စုလမ်းမပေါ် ကမ္ဘာ့ရတနာဘဏ်ရှေ့ရှိ လမ်းလည်ကျွန်းပေါ်တွင် မိုင်းထောင်၍ စစ်ကောင်စီယာဉ် တစ်စီးအား ပထမအကြိမ် မိုင်းထောင်ဖောက်ခွဲခဲ့သော်လည်း အနည်ငယ်လွဲချော်သွားခဲ့သည်ဟု The Boys Army အဖွဲ့ကဆိုသည်။
ထို့နောက် နာရီဝက်ခန့်အကြာတွင် စစ်ကောင်စီတပ်သားများ ပေါက်ကွဲမှုဖြစ်သည့် နေရာသို့ထပ်မံ ရောက်ရှိလာ ပြီး ရှာဖွေမှုပြုလုပ်နေစဉ် ဒုတိယအကြိမ်ထပ်မံဖောက်ခွဲခဲ့သဖြင့် စစ်ကောင်စီတပ်သားများ ထိခိုက်မှု ရှိခဲ့သည်ဟု ယင်းထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။
ထို့နောက် စစ်ကောင်စီတပ်သားများသည် သေနတ်ဖြင့် ၁၀ ချက်ခန့် ပစ်ခတ်မှုများ ပြုလုပ်ပြီး ပတ်ဝန်းကျင်အား ဆဲဆိုခြိမ်းခြောက်သွားခဲ့သည်ဟု အဆိုပါလမ်းဆုံအနီး နေထိုင်သူအချို့က ပြောသည်။