နယ်ထိန်းရဲ တစ်ဦးနှင့် ပျူစောထီအဖွဲ့ဝင် တစ်ဦး ပစ်သတ်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်။
ထားဝယ်တွင် လောင်းကစားဝိုင်းများတွင် ငွေလိုက်ကောက်နေသည့် နယ်ထိန်းရဲတစ်ဦးနှင့် ပျူစောထီးအဖွဲ့ဝင် တစ်ဦး ပစ်သတ်ခံလိုက်ရသည် ဟု ဒေသခံများက ပြောသည်။
ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ မောင်းမကန် ကျေးရွာနယ်မြေ ရဲစခန်းက နယ်ထိန်းရဲ စိုးနိုင်ဦး ဆိုသူ မောင်းမ ကန်တောင်အဆင်း ရှုခင်းသာကွေ့ (ဒေသအခေါ်-သုံးထပ်လမ်း) ထားဝယ်-မောင်းမကန်လမ်းပိုင်းတွင် သေနတ် ဖြင့် ပစ်သတ်ခံလိုက်ရခြင်း ဖြစ်သည်။
အသက် ၃၅ နှစ်အရွယ် မောင်းမကန်ရွာသားတစ်ဦးက “ဒီလူက လောင်းကစားဝိုင်းတွေ၊ ထီဒိုင်တွေ လိုင်းကြေး ကောက်တာ နာမည်ကြီးတယ်” ဟု ပြောသည်။
ဖေဖော်ဝါရီလ ၂၃ ရက်နေ့၊ ညနေ ၅နာရီခွဲခန့်တွင် နယ်ထိန်းရဲ စိုးနိုင်ဦးအား Dawei Guerrilla Revolutionary Force ( DGRF) နှင့် Launglone People Defense Force ( LPDF) တို့ ပူးပေါင်းတပ်ဖွဲ့က ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု သတင်းထုတ်ပြန်ထားသည်။
နယ်ထိန်းရဲ စိုးနိုင်ဦးအား ပစ်ခတ်ရှင်းလင်းခဲ့ရာတွင် ကျည်ဆံ၊ လက်ထိပ်၊ တံဆိပ်တုံး၊ ဟန်းဖုန်း၂လုံးနှင့် အမှုတွဲ ဖိုင် အချို့ကိုလည်း သိမ်းဆည်းရရှိခဲ့သည်ဟု ယင်းအဖွဲ့တို့၏ ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။
စစ်ကောင်စီလက်အောက်ခံ ပျူစောထီး၊ ရဲ၊ စစ်သားများအပြင် ၎င်းတို့နှင့် ဆက်နွယ်နေသူအားလုံးကို ထားဝယ် ခရိုင်တစ်ခုလုံးတွင် ခြေချခွင့်မရအောင် ဆက်တိုက်ရှင်းလင်းသွားမည်ဟုလည်း ၎င်းပူးပေါင်းအဖွဲ့ ထုတ်ပြန် သတိပေးထားသည်။
အလားတူ လောင်းလုံးမြို့နယ်၊ ကျောက်ဆင်ကျေးရွာအုပ်စု၊ သဘော့ဆိပ်ကျေးရွာ ဘုန်းကြီးကျောင်းအနီး ဖေ ဖော်ဝါရီလ ၂၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲ အချိန်ခန့်ကလည်း ပျူစောထီးအဖွဲ့ဝင်တစ်ဦး ပစ်သတ်ခံလိုက်ရသည်။
“သေနတ်သံက လေးငါးချက်ကြားရတယ်။ သွားကြည့်တော့ သွေးအိုင်ထဲလဲနေပြီ။ သူက သဘော့ဆိပ်ရွာက ပျူ စောထီးခေါင်းဆောင် ဦးလေးလေးရဲ့ တပည့်ရင်းပေါ့” သဘော့ဆိပ်ရွာသား တစ်ဦးက ပြောသည်။
သဘော့ဆိပ်ကျေးရွာတွင် နေထိုင်သူ ပျူစောထီးခေါင်းဆောင် ဦးလေးလေး၏ တပည့်ဖြစ်သူ ဦးနေမင်းထွန်း ၃၀ နှစ်ကို ဆိုင်ကယ်စီးလာသူသုံးဦးက ပစ်ခတ်ခဲ့မှုကြောင့် ညာဘက်ရင်အုံမှာ ကျည်ထိမှန်ခဲ့ကာ နေရာမှာပင် သေ ဆုံးသွားသဖြင့် အလောင်းကို ထားဝယ်တပ်နယ်ဆေးရုံသို့ သယ်ဆောင်သွားသည်ဟု ဒေသခံများက ပြောသည်။
အဆိုပါ ပစ်ခတ်မှုကိုလည်း လောင်းလုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LPDF)က လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ကျေးရွာ နေ ပြည်သူများနှင့် (လုံးဝ)မသက်ဆိုင်ကြောင်း သတင်းထုတ်ပြန်ထားသည်။
သဘော့ဆိပ်ကျေးရွာ ဘုန်းကြီးကျောင်းအနီး ပစ်သတ်ခံလိုက်ရသည့် ပျူစောထီးအဖွဲ့ဝင် ဦးနေမင်းထွန်းသည် ၂၀၂၀ ရွေးကောက်ပွဲ မတိုင်မှီက ပြင်ကြီးကျေးရွာ မဲရုံအမှတ် (၄) ရုံးအား ဗုံးဖောက်ခွဲမှုကြောင့် ဖမ်းဆီးခံခဲ့ရပြီး စစ်အာဏာသိမ်းပြီးနောက်တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသူတစ်ဦး ဖြစ်သည်ဟု ဒေသခံများက ပြောသည်။