စစ်ကောင်စီ တပ်များ ရွာကို လက်နက်ကြီးဖြင့် ပစ်ပြီး ရွာထဲဝင်၊ အိမ်နှစ်လုံး ပျက်စီး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ မတ်လ ၁ ရက်။
မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် လူနေအိမ် ၂ လုံး ပျက်စီးသွားသည်။
တနင်္သာရီမြို့နယ် တကူကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လူနေထိုင်သည့် ကျေးရွာထဲသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ပြီးနောက်တွင် ရွာသို့ ဝင်ရောက်ခဲ့သည်ဟု ဒေသခံများက ပြောသည်။
အသက် ၄၀ နှစ် အရွယ် တကူရွာသားတစ်ဦးက “တဂျိမ်းဂျိမ်းနဲ့ လက်နက်ကြီး သုံးလေးချက် ပစ်သံတွေရော သေနတ်သံတွေပါ ကြားရတယ်။ တိုက်ပွဲဖြစ်တာတော့ မဟုတ်ဘူး။ တကူရွာထဲဝင်ဖို့ တမင် ခြောက်လှန့် ရှင်း လင်းတဲ့ပုံစံပါပဲ” ဟု ပြောသည်။
တနင်္လာနေ့ နံနက်ပိုင်းတွင် တကူကျေးရွာ၏ မျက်နှာချင်းဆိုင်ရှိ တိုက်ကမ်းကျေး ရွာဘက်မှ လက်နက်ကြီးများ၊ သေနတ်များဖြင့် ပစ်ခတ်ခဲ့ပြီးသည့်နောက် တကူကျေးရွာဘက်ခြမ်းသို့ ကူးလာ ခဲ့သည်ဟု ဒေသခံများက ပြောသည်။
လက်နက်ကြီး ထိမှန်မှုကြောင့် လူနေအိမ် ၂ ဆောင် ထိခိုက်ပျက်စီးသွားသော်လည်း လူထိခိုက်မှု မရှိ ဟု ရွာသားများက ပြောသည်။
လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက တကူစာသင်ကျောင်းထဲတွင် စခန်းချတပ်စွဲထားသည့်အတွက် ဒေသခံ PDF အဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်၍ ရွာသားအချို့က ထွက်ပြေးတိမ်းရှောင်နေကြသည်ဟု သိရ သည်။
တကူကျေးရွာအနီးရှိ သာရဘွင်ကျေးရွာအုပ်စု၊ ကျားခေါင်းတောင်အရပ်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင် များ နှင့် ဒေသခံ PDF အဖွဲ့တို့ မကြာခဏဆိုသလို တိုက်ပွဲဖြစ်ပွားလေ့ရှိသည်ဟု ဒေသခံများက ဆိုသည်။
တကူကျေးရွာ၊ သံတိုက်ရပ်ရှိ အုပ်ချုပ်ရေးမှူးရုံးအရှေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အရပ်ဝတ်ဖြင့် ဖမ်းဆီး စစ်ဆေးမှုများ ပြုလုပ်နေ၍ ရွာသားများအနေဖြင့် သတိထား သွားလာကြရန် ပြည်သူ့ကာကွယ်ရေး PDF တပ်ဖွဲ့ က သတိပေး နိုးဆော်ထားသည် ဟု ဒေသခံများကပြောသည်။