ပုသိမ်တွင် တလအတွင်း ကိုဗစ်-၁၉ အတည်ပြုလူနာ ၆၀၀ နီးပါးရှိ
သတင်းနှင့် မီဒီယာ ကွန်ရက်၊
၂၀၂၂ ခုနှစ်၊ မတ်လ ၁ ရက်။
ဧရာ၀တီတိုင်း၊ ပုသိမ်မြို့တွင် ဖေဖော်ဝါရီလအတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ ၆၀၀ နီးပါးအထိ ရှိနေပြီး သေဆုံးသူ ၈ ဦး ရှိခဲ့သည်ဟု ကျန်းမာရေး မှတ်တမ်းအရ သိရသည်။
ပုသိမ်မြို့တွင် ဖေဖော်ဝါရီလ ၈ ရက်နေ့က စတင်ကာ ကိုဗစ်ပိုးတွေ့လူနာများကို တွေ့ရှိပြီး ဖေဖော်ဝါရီလ ၂၆ ရက်နေ့ အထိ ကိုဗစ်ပိုးတွေ့လူနာ ၅၇၀ ဦး ထိရှိလာသည်ဟု ကျန်းမာရေးဦးစီးဌာန မှတ်တမ်းအရ သိရသည်။
“သေဆုံးသူတွေဟာ တခြားရောဂါလည်း ရှိသူတွေပါ။ ဆေးကုသမှု ခံယူရင်း သေဆုံးကြတာပါ” ဟု ပုသိမ်မြို့ ကုတင် ၅၀၀ ဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်နေသည့် ဆေးဝန်ထမ်းတစ်ဦးက ပြောသည်။
သေဆုံးသူများသည် အသက် ၅၆ နှစ် မှ အသက် ၈၆ နှစ် ကြား ရှိသူများဖြစ်ပြီး ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါ အခံရှိသူများ ဖြစ်ပြီး သေဆုံး ၈ ဦး အနက် အမျိုးသမီး ၂ ဦးပါဝင်သည်ဟု အဆိုပါ ဆေးဝန်ထမ်းက ဆက်ပြော သည်။
ပုသိမ်မြို့တွင် ကိုဗစ်ရောဂါ မျိုးပွားကူးစက်မှုကြောင့် ဖေဖော်ဝါရီလ ၁၈၊ ၂၂၊ ၂၃၊ ၂၄ ရက်နေ့တို့တွင် တစ်ဦးစီ၊ ၂၅ ရက်နေ့တွင် ၂ ဦးနှင့် ဖေဖော်ဝါရီ ၂၆ ရက်နေ့က အမျိုးသားတစ်ဦး၊ အမျိုးသမီး ၁ ဦးသေဆုံးခဲ့သည်ဟု ပုသိမ်မြို့ လူမှုကူညီရေးအဖွဲ့တစ်ဖွဲ့က အတည်ပြုပြောသည်။
CDM ဆေးဝန်ထမ်း တစ်ဦးက လက်ရှိ အနေအထားတွင် တိုင်းစစ်ကောင်စီအနေဖြင့် ဒေသတွင်း နေထိုင်သူများ ၏ ကျန်းမာရေး စောင့်ရှောက်မှုနှင့် ကိုဗစ်ရောဂါ ထိမ်းချုပ် ကာကွယ်ရေး လုပ်ငန်းများကို ထိထိ ရောက်ရောက် လုပ်ဆောင်နိုင်ခြင်း မရှိဘူးဟု ထောက်ပြပြောဆိုသည်။
“စစ်တပ်အာဏာ သိမ်းပြီးနောက်မှာ ပုသိမ်မှာ ကိုဗစ် တတိယလှိုင်း ဖြစ်တုန်းတော့ သေဆုံးမှု အကြီးအကျယ် ဖြစ်ခဲ့တယ်။ တချို့ရက်တွေဆို ကိုဗစ်နဲ့ တစ်နေ့ထဲမှာ ၂၀ ဦး အထိသေတာမျိုးရှိခဲ့တယ်” ဟု လူမှုကူညီရေး အဖွဲ့ဝင် တစ်ဦးက ပြောသည်။
ပုသိမ်မြို့တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ မဖြစ်မှီ ၂၀၁၉/၂၀၂၀ ခုနှစ်က တစ်နေ့ လူသေဆုံးမှုနှုန်းမှာ သာမန် သေဆုံးမှု ၅ ဦးမှ ၉ဦးအထိရှိခဲ့ပြီး ၂၀၂၁ ခုနှစ် မေလမှစ၍ သေဆုံးမှုနှုန်း မြင့်တက်လာခဲ့သည်ဟု ပုသိမ်သရောင်း မီးသင်္ဂြိုလ်စက်၏ မှတ်တမ်းများအရ သိရသည်။