လပွတ္တာ ဘုရင်နောင် ဧည့်ရိပ်သာနှင့် ပြည်ခိုင်ဖြိုးပါတီ ဗုံးခွဲ တိုက်ခိုက်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ မတ်လ ၁ ရက်။

ဧရာဝတီတိုင်း လပွတ္တာမြို့တွင် စစ်ကောင်စီ ၏ ဘုရင့်နောင် ဧည့်ရိပ်သာ နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရုံးတို့ ဗုံးခွဲ တိုက် ခိုက်ခံခဲ့ရပြီးနောက် လမ်းသွားလမ်းလာ ပြည်သူ ၁၃ ဦးကိုလည်း စစ်ကောင်စီက ဖမ်းဆီးထားသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရှိနေသည့် ဘုရင့်နောင် ဧည့်ရိပ်သာကို အမည်မသိသူလူတစ်စုက လက်ပစ်ဗုံးဖြင့် ပစ်ပေါက်တိုက်ခိုက်ခဲ့ပြီး၊ ပြည်ခိုင်ဖြိုးပါတီရုံးကို ဗုံး ၂လုံးခွဲကာ တိုက်ခိုက်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

“တစ်နာရီအတွင်းမှာ ၃ ကြိမ် ဗုံးပေါက်တာပါ။ ကြံ့ဖွတ်ရုံး(ပြည်ခိုင်ဖြိုးရုံး)မှာ ပေါက်တဲ့ဗုံးက အတော် အားပြင်း ပုံ ရတယ်။ အသံက အတော်ကျယ်တာ။ အိမ်တွေတောင်တုန်တယ်” ဟု ဒေသခံတစ်ဦး က ပြောသည်။

အဆိုပါပေါက်ကွဲမှုများနှင့် ပတ်သက်၍ စစ်ကောင်စီတပ်ဖွဲ့က မြို့ပေါ်လမ်းများနှင့် မြို့ဝင်ထွက်လမ်းများကို ပိတ် ဆို့ရှာဖွေ စစ်ဆေးမှုများလုပ်ကာ လမ်းသွားလမ်းလာ ၁၃ ဦးကိုလည်း အကြောင်းမဲ့ ဖမ်းဆီးသွားသည်ဟု ဒေသခံ များက ပြောသည်။

ထို့အပြင် ဖေဖော်ဝါရီလ ၂၇ ရက်နေ့ညက လပွတ္တာမြို့ပေါ်တွင် ဧည့်စာရင်းလိုက်စစ်ဆေးပြီး ကမ်းနား တစ် လျှောက် ရပ်တန့်ထားသည့် ရေယာဉ်များကိုလည်း လိုက်လံ စစ်ဆေးကာ ဧည့်စာရင်း တိုင်ထားခြင်း မရှိသူများ ကို ဖမ်းဆီးမှုများရှိခဲ့သည်ဟု သိရသည်။

ဘုရင့်နောက်ဧည့်ရိပ်သာကို ည ၆နာရီခွဲအချိန်ခန့်နှင့် ပြည်ခိုင်ဖြိုးပါတီရုံးနေရာကို ည ၇ နာရီခွဲကျော်အချိန်ခန့်တွင် ဗုံးခွဲတိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်။

စစ်ကောင်စီ၏ ဘုရင့်နောင်ဧည့်ရိပ်သာ ပေါက်ကွဲမှုမှာ လက်လုပ်ဗုံးဖြင့် ပစ်ပေါက်ခံရပြီး မပြင်းထန်၍ လူနှင့် အဆောက်အဦ ထိခိုက်ပျက်စီးခြင်း မရှိခဲ့ဟု ဒေသခံအုပ်ချုပ်ရေးအဖွဲ့ဝင် အချို့က ပြောသည်။

သို့သော် ပြည်ခိုင်ဖြိုး ပါတီရုံး ပေါက်ကွဲမှုက မိုင်းခွဲတိုက်ခိုက်ခံခြင်း ဖြစ်ပြီး ရုံး၏မျက်နှာစာ အုတ်တံတိုင်း ပေါက် ထွက် ပျက်စီးသွားသည်ဟု သိရသည်။

ယခုတိုက်ခိုက်မှုကို လပွတ္တာမြို့ပြပျောက်ကျားတပ်ဖွဲ့ LSTF မှ တပ်ဖွဲ့ဝင်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တပ်ဖွဲ့ ဝင်များ ထိခိုက်မှုမရှိပဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့သည်ဟု နောက်ရက်တွင် ထုတ်ပြန်သည်။

“ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းလာရေးအတွက် စစ်ကောင်စီရဲ့ ထောက်တိုင်တွေကို ဆက်လက် တိုက်ခိုက် သွားမယ်” ဟု LSTF တာဝန်ခံ ဗိုလ်ချိန်ခွင်က ပြောသည်။

ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင်လည်း လပွတ္တာမြို့နယ် အထက်ပြွန်ချောင်းကျေးရွာမှ အသက် ၅၀ နှစ်အရွယ်ရှိ ပျူစောထီး အဖွဲ့ဝင် စစ်ကောင်စီ သတင်းပေး ဦးသံချောင်းအား ၎င်းပိုင်ဆိုင်သည့် စက်လှေပေါ်တွင် သုတ်သင် ရှင်းလင်းခဲ့သည်ဟု LSTF တာဝန်ခံက တရားဝင်ထုတ်ပြန်ထားသည်။