လူမှု ကွန်ရက်တွင် ထင်မြင်ချက် ရေးသားမှုကြောင့် ရဲမှူး တစ်ဦး ဖမ်းခံရ
အွန်လိုင်းမှ စစ်ဘေးရှောင်များအလှူငွေတောင်းခံပြီး အမျိုးသမီး ၃ ဦးကို ဖမ်းဆီး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ မတ်လ ၁ ရက်။

အွန်လိုင်း ပြောဆို ဆက်ဆံမှုများနှင့် ပတ်သက်ပြီး ပုသိမ်မြို့မှ ရဲမှူး တစ်ဦးနှင့် အမျိုးသမီး ၃ ဦး ဖမ်းဆီးခံရသည်ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

ဟန်ငြိမ်းဦး တယ်လီဂရမ် Group မှတဆင့် ဖမ်းဆီးသင့်ကြောင်း ရေးသားပြီးနောက်ပိုင်း ပုသိမ်မြို့က ရဲမှူးတစ်ဦးနှင့် အမျိုးသမီးငယ် ၃ ဦးတို့ကို စစ်ကောင်စီက ဖမ်းဆီးသွားခြင်း ဖြစ်သည်။

ဟန်ငြိမ်းဦး တယ်လီဂရမ် Group တွင် “စစ်ကောင်စီ ဆန့်ကျင်သည်၊ NUG ကို ထောက်ခံသည်” ဟု ဖော်ပြခံရ သည့် ပုသိမ်မြို့က ရဲမှူးတစ်ဦးနှင့် စစ်ဘေးရှောင်များကို လှူဒါန်းသည့် အမျိုးသမီး ၃ ဦးကို စစ်ကောင်စီ က ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။

“ရဲမှူးက post တစ်ခု အောက်ကနေ ဒေါက်တာ ဇော်ဝေစိုးကို “လေးစားပါတယ် ဆရာ” လို့ ကောမန့် ဝင်ရေးခဲ့ဘူး တယ်။ အဲဒါကို ဟန်ငြိမ်းဦး တီလီဂရမ် ဂရုကနေ ဖမ်းသင့်ပြီဆိုတာ တက်လာပြီးနောက် အဖမ်းခံတာပဲ” ဟု တိုင်း ရဲတပ်ဖွဲ့ နှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

အမျိုးသမီးငယ် ၃ ဦးကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ဖမ်းဆီးလိုက်ခြင်းဖြစ်ပြီး ဧရာဝတီတိုင်း ဒေသကြီး မူးယစ် တပ်ဖွဲ့စု ၄၉ က ရဲမှူးမြင့်အောင်ကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်ဟု မိသားစုနှင့် နီး စပ်သူများထံမှ သိရသည်။

ဖမ်းဆီးခံရသည့် အမျိုးသမီးငယ် ၃ ဦးမှာ ပုသိမ်မြို့အမှတ် ၄ ရပ်ကွက်၊ ပြည်တော်သာတိုက် အမှတ် ၁၀/၈ နေ အသက် ၂၃ နှစ်အရွယ် ကျောင်းဆရာမ မဆုဝတ်ရည်နှင်း၊ အမှတ် ၆ ရပ်ကွက်က အသက် ၂၂ နှစ်ရှိ အင်ကြင်းခိုင် အကောင့်ပိုင်ရှင် အမျိုးသမီးတစ်ဦး နှင့် အမှတ် ၅ ရပ်ကွက်နေ မသူဇင်အောင်ထွန်းတို့ ဖြစ်သည်ဟု သိရသည်။

ဖမ်းဆီးခံထားရသူ ၄ ဦးကို ယခုလက်ရှိ မည်သည့်နေရာတွင် ဖမ်းဆီးချုပ်နှောင် စစ်ဆေးနေသည်ကို မသိရသေး ဟု မိသားစုဝင် အချို့က ဆိုသည်။

ယခုဖမ်းဆီးမှုနှင့် ပတ်သက်၍ ပုသိမ်မြို့ခံ ကိုတင်ဝင်းက “ကောင်မလေးတွေဆီကို ကျော်စွာဆိုတဲ့ စပိုင်အကောင့် တစ်ခုက ကရင်နီစစ်ဘေး ရှောင်အတွက် ဆိုပြီး အွန်လိုင်းက အလှူခံတယ်။ ကောင်မလေးတွေက ထောင်ချောက်ဆင်တာကို မသိဘူး။ အလှူငွေ ထည့်လိုက်မိတယ်” ဟုပြောသည်။

ထိုသို့ အလှူငွေထည့်လိုက်သည့် အကြောင်းအရာကို ဟန်ငြိမ်းဦး တယ်လီဂရမ် ဂရုတွင် ဖော်ပြခံရပြီးနောက် အဖမ်းခံလိုက်ရခြင်း ဖြစ်သည်ဟု ပုသိမ်မြို့ခံ ကိုတင်ဝင်းက ဆက်ပြောသည်။

ပုသိမ်မြို့ရှိ Facebook သုံးစွဲသူ အချို့က ယခုဖမ်းဆီးခံရသူများသည် ၎င်းတို့နှင့် မသင့်မြတ်သည့် ပုသိမ်မြို့နေ ရှေ့နေကြီးတစ်ဦး၏ သမီးဖြစ်လည်းဖြစ်၊ တပ်ထောက်ခံသူ Facebook စပိုင်ဒလန် ဟု နာမည်ကြီးနေသည့် အ မျိုးသမီးနှင့် မသင့်မြတ်သူများလည်း ဖြစ်သည်ဟု ဆိုကြသည်။

ဇန်နဝါရီလ အတွင်းကလည်း ပုသိမ်မြို့ခံ အမျိုးသမီး ၂ ဦးအား အသံတိတ်သပိတ်တွင် ပါဝင်ကြရန် Facebook တွင် လှုံ့ဆော်သည်ဟုဆိုကာ စစ်ကောင်စီက ဖမ်းဆီးခဲ့ဘူးသည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။