သူရဲတောင် ကြိုးတံတား မီးရှို့ဖျက်ဆီးခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ မတ်လ ၁ ရက်။

ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်၊ အတွင်းရှိ သရက်ချောင်း သူရဲတောင်ကြိုးတံတားကို ပျူစောထီး အဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသခံရွာသားများ က ပြောသည်။

ပျူစောထီးအဖွဲ့၏ ကားတစ်စီး ဖေဖော်ဝါရီလ ၂၇ ရက်နေ့၊ ည ၈ နာရီခွဲ အချိန်ခန့်တွင် ကြာအင်းကျေးရွာအုပ်စုအတွင်းရှိ သူရဲတောင်ကျေးရွာနှင့် ကင်းရှေ့ကျေး ရွာကို ဆက်သွယ်ထားသည့် ကြိုးတံတားအနီး ရောက်လာပြီး နောက်၊ ပေါက်ကွဲသံတစ်ချက်နဲ့အတူ သေနတ်သံများကြားရအပြီးတွင် တံတားမီးလောင်ခဲ့ခြင်း ဖြစ်သည်ဟု သူရဲ တောင်ရွာသားများက ပြောသည်။

“ဒါဟာတမင် ရည်ရွယ်ချက်ရှိရှိ မီးလာရှို့ခဲ့တာ ဖြစ်နိုင်တယ်။ တံတားက လူသွားလူလာ နည်းပါတယ်။ ခြံ အလုပ်သမားအများစုတော့ သွားလာကြတာရှိတယ်” ဟု အသက် ၅၀ အရွယ် သူရဲတောင်ရွာသား တစ်ဦးက ပြောသည်။

အဆိုပါ တံတားသည် လူသွားလူလာနည်းပြီး ည ၈ နာရီအချိန်တွင်လည်း သာမာန်ပြည်သူများအနေဖြင့် ကျန်း မာရေးကိစ္စ (သို့) အရေးပေါ်ကိစ္စများမှ လွဲ၍ မည်သူမှ အပြင်မထွက်ကြတော့သည့် အချိန်ဖြစ်သည်ဟု ရွာသား များက ဆိုသည်။

ထို့အပြင် ယခုမီးလောင်မှု ဖြစ်ပွားသည့်နေရာအား ပျူစောထီးအဖွဲ့ဝင်များ ဖြတ်သွားပြီးနောက် ဖြစ်ပွားခဲ့သည့် အတွက် ၎င်းတို့ လက်ချက်ဖြစ်နိုင်သည်ဟု ရွာသားများက ခန့်မှန်းပြောဆိုသည်။

မီးမည်သူ ရှို့သည်ကို သတင်းနှင့် မီဒီယာ ကွန်ရက်မှ သီးခြား အတည်မပြုနိုင်ပါ။

သို့သော် မည်သည့်အကြောင်းရင်းကြောင့် ယခုကဲ့သို့ မီးရှို့ဖျက်ဆီးသွားသည်ကို မသိရှိရသေးဘူးဟု ဒေသခံများ က ဆိုသည်။

အဆိုပါ သူရဲတောင်တံတားနှင့် အနီးအနားတဝိုက်တွင် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်း အုပ်ချုပ်ရေးမှူး တစ်ဦး နှင့် ပျူစောထီးအဖွဲ့ဝင် စစ်ကောင်စီ သတင်းပေးဒလန်ဟု နာမည်ကြီးနေသူတစ်ဦးတို့ ပစ်သတ်ခံခဲ့ရသည့် နေရာ တစ်ခုဖြစ်သည်ဟု ဒေသခံများကပြောသည်။