နာမည်ကြီး သရုပ်ဆောင်များကို “နိုင်ငံတည်ဆောက်ရေးတွင် ပါဝင်နိုင်စေရန်” ပြန်လွှတ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ မတ်လ ၂ ရက်။
စစ်ကောင်စီက မတရားဖမ်းဆီးထောင်ချထားသည့် နာမည်ကြီးသရုပ်ဆောင်အချို့ကို စစ်တပ်က ပထမဆုံး အာဏာသိမ်းမှု နှစ် ၆၀ ပြည့်သည့် မတ်လ ၂ ရက်နေ့ (ယနေ့) တွင် ပြစ်ဒဏ်က လွတ်ငြိမ်းခွင့်ပေးကာ ပြန်လည်လွှတ်ပေးခဲ့သည်ဟု စစ်ကောင်စီလက်အောက်ခံ ရုပ်မြင်သံ ကြားမှ တစ်ဆင့် ကြေညာခဲ့သည်။
နာမည်ကြီး အနုပညာရှင်အချို့ကို စစ်ကောင်စီက ပြန်လည်လွှတ်ပေးခဲ့ခြင်းမှာ နိုင်ငံတည်ဆောက်ရေးလုပ်ငန်း များတွင် ပါဝင်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပြီး လွှတ်ပေးခဲ့ခြင်းဖြစ်သည်ဟု စစ်ကောင်စီ၏ ကြေညာချက်ထဲ တွင် ထည့်သွင်းရေးသားထုတ်ပြန်ထားသည်။
စစ်ကောင်စီက မတရားဖမ်းဆီးအကျဉ်းချထားသည့် အနုပညာရှင်များအနက် သရုပ်ဆောင် ပြေတီဦး၊ အိန္ဒြာ ကျော်ဇင်၊ လူမင်းနှင့် ပိုင်တံခွန်တို့ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး ဒါရိုက်တာဝိုင်း အပေါ် စွဲဆိုထားသည့် အမှုကို လည်း ပယ်ဖျက်ပေးခဲ့သည် ဟု စစ်ကောင်စီက ထည့်သွင်းကြေညာသွား ခဲ့သည်။
“မောင်လေးပြေတီဦးနဲ့ ညီမလေး အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံနေအိမ်ကို ကျန်းကျန်းမာမာနဲ့ ပြန်လည်ရောက် ရှိပါပြီ။ ဒီရက်ပိုင်းဖုန်းတွေပြန်မဖြေဖြစ်ရင်နားလည်ပေးကြပါ” ဟု ၎င်းတို့၏ မိသားစုဝင်တစ်ဦးက လူမှုကွန် ရက် စာမျက်နှာအကောင့်တွင် ရေးသားထားသည်။
ထို့အပြင် မော်ဒယ်လ် သရုပ်ဆောင် ပိုင်တံခွန်နှင့် ၎င်း၏မိတ်ဆွေတစ်ဦးတို့ Video Call မှတစ်ဆင့် ဆက်သွယ် ပြောဆိုနေသည့် ရုပ်သံဖိုင်တစ်ဖိုင်လည်း လူမှုကွန်ရက်စာမျက်နှာတွင်ပျံ့နှံ့လာခဲ့သည်။
“ပြည်သူချစ်တဲ့ အနုပညာရှင်တွေ ပြန်လွတ်လာတဲ့ပေါ်မှာတော့ ဝမ်းသာပါတယ်။ ဒါပေမယ့်သူတို့က နိုင်ငံတော် တည်ဆောက်ရေးမှာ ပါဝင်နိုင်ဖို့လို့ပြောထားတော့ ဘာတွေ လုပ်ခိုင်းဦးမလဲ မသိဘူး” ဟု အင်းစိန်မြို့နယ် အတွင်း နေထိုင်သည့် အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။
Beauty Blogger ဝင်းမင်းသန်းကိုမူ ၎င်းကျခံလျက်ရှိသည့် ပြစ်ဒဏ်များအနက် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် ကျခံရန်ရှိသည့် ပြစ်ဒဏ်များကိုသာ လွတ်ငြိမ်းခွင့်ပြုပြီး အခြားပုဒ်မဖြင့် ချမှတ်ထားသည့် ပြစ်ဒဏ်များကို ဆက် လက်ကျခံရအုံးမည်ဖြစ်သည်ဟု သိရသည်။
“အစကတည်းက မဖမ်းသင့်တဲ့ သူတွေကို ဖမ်းပြီး ပြန်လွှတ်ပေးတာ ကျေးဇူးတင်စရာမရှိဘူး။ အခုလိုလွှတ်ပေး လို့လည်း တော်လှန်ရေးက အရှိန်လျော့သွားမှာ မဟုတ်ဘူး” ဟု တောင်ဒဂုံမြို့နယ်အတွင်းနေထိုင်သည့် အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
သရုပ်ဆောင်ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ လူမင်း၊ ပိုင်တံခွန်နှင့် မဝင်းမင်းသန်းတို့ကို ၂၀၂၁ ခုနှစ် ဧပြီလအတွင်း က စစ်ကောင်စီက ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ပုဒ်မ ၅၀၅-က ဖြင့် ထောင်ဒဏ် ၃ နှစ်စီချမှတ်ခဲ့ခြင်း ဖြစ်သည်။
စစ်ကောင်စီသည် ဖေဖော်ဝါရီလအတွင်းကပင် သရုပ်ဆောင်ချစ်သုဝေ၊ အဆိုတော်လင်းလင်းတို့ အပါအဝင် အနုပညာရှင်အချို့၊ ဆယ်လီအချို့နှင့် တော်လှန်ရေး ရဲဘော်များ၏ နေအိမ်များကို ဆက်တိုက်ဆိုသလို ချိပ်ပိတ် ခဲ့ပြီးနောက် ယခုနာမည်ကြီး အနုပညာရှင် အချို့ကို ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။
ယနေ့မှာ စစ်တပ်က ပထမဆုံးအကြိမ် အာဏာသိမ်းခဲ့သည်မှာ နှစ်ပေါင်း ၆၀ ပြည့်သည့် နေ့ဖြစ်သည်။