မတ္တရာတွင် ဗုံးဖောက်ခွဲမှု သံသယဖြင့် မိသားစု တစ်စု ဖမ်းဆီးခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ မတ်လ ၆ ရက်။

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ သံသယဖြင့် အပြစ်မဲ့ပြည်သူ မိသားစုတစ်စု အဖမ်းခံထားရသည်ဟု ဒေသခံများက ပြောသည်။

မတ္တရာမြို့နယ်၊ ကျောင်းကုန်းအုပ်စု၊ ကျောင်းကုန်းကျေးရွာနှင့် ဂွေ့ကြီးကျေးရွာရှိ အုပ်ချုပ်ရေးမှူး၏ အိမ်များ တွင် မတ်လ ၁ ရက်နေ့၊ ည ၇ နာရီအချိန်ခန့်က ဗုံးပေါက်ကွဲမူ ဖြစ်ပွားခဲ့ပြီးနောက် ဂွေ့ကြီးကျေးရွာက မိသားစု တစ်စုကို သံသယဖြင့် ဖမ်းဆီးသွားခြင်း ဖြစ်သည်ဟု သိရသည်။

“ဗုံးသံကြားပြီး လိုက်ကြဟေ့လို့ အသံတွေကြားရတာ။ ပြီးတော့ ၁ နာရီ လောက် ကြာတော့ စစ်ကားတွေ ရောက် လာတာ။ အဲ့အိမ်က ကောင်လေးကို ရိုက်နှက်ပြီး မေးနေတဲ့ အသံတွေလည်းကြားတယ်” ဟု အသက် ၃ဝနှစ်အရွယ် ရွာခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသော မိသားစုအိမ်သည် အရက်ရောင်းချသောအိမ်ဖြစ်ပြီး အုပ်ချုပ်ရေးမှူအိမ်နှင့် သုံးအိမ်ခြားသည်။ အဆိုပါ အိမ်မှ မိသားစုဝင် ၄ ဦးကို စစ်ကောင်စီက သံသယဖြင့် ဖမ်းဆီးသွားခြင်း ဖြစ်ည်။

ဖမ်းဆီးခံရသည့် မိသားစု၀င်‌ လေးဦးမှာ အသက် ၅၆ အရွယ် မိဘနှစ်ဦး၊ အသက် ၂၂ နှစ် နှင့် အသက် ၂၇ နှစ် အရွယ် သားနှစ်ဦးတို့ ဖြစ်သည်။

မိသားစုဝင် လေးဦးအပြင် အရက်သောက်နေသည့် အသက် ၂၀ ဝန်းကျင် လူငယ်နှစ်ဦးကိုလည်း စစ်ကောင်စီက ဖမ်းဆီးသွားသည်ဟု သိရသည်။

ဖမ်းဆီးခံရသည့် မိသားစုမှ သားအလတ်အား ဗုံးဖောက်ခွဲသူဟု စွပ်စွဲကာ အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီး အဖွဲ့များ က နေအိမ်နှင့် လမ်းထိပ်ကိုပိတ်ကာ အပြင်မထွက်ရန် တားဆီးပြီး ဖမ်းဆီးမှုများ လုပ်ဆောင်ခဲ့သည်ဟုလည်း ဒေသခံက ပြောသည်။

မတ္တရာမြို့နယ်ရှိ စစ်ကောင်စီခန့် ရပ်ကျေးရွာအုပ်စု ၈၈အုပ်စုက အုပ်ချုပ်ရေးမှူးများကို ပြည်သူ့ဘက်တွင် ရပ် တည်ပြီး ပြည်သူနှင့် တစ်ပတ်အတွင်း ပူးပေါင်းရန်နှင့် ပူးပေါင်းဆောင်ရွက်မူမရှိပါက လိုအပ်သလို အရေးယူ သွားမည်ဟုလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မတ္တရာမြို့နယ်က မတ်လ ၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။