ဆိုင်ကယ် စစ်ကြောင်းအား မိုင်းခွဲ တိုက်ခိုက်၊ စစ်ကောင်စီ တပ် ၁၂ ဦးသေဆုံးဟု PDF ထုတ်ပြန်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ မတ်လ ၆ ရက်။
မတ္တရာမြို့နယ်အတွင်း စစ်ကောင်စီ၏ ဆိုင်ကယ်စစ်ကြောင်း မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီ တပ်ဖွဲ့မှာ တပ်သား ၁၂ ဦး သေဆုံးခဲ့သည်ဟု ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့- မတ္တရာ (PDF-မတ္တရာ) က ထုတ်ပြန်ကြေညာသည်။
တိုက်ခိုက်မှုမှာ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ကျောက်ဆည်လေး ကျေးရွာနှင့် ကင်းကျေးရွာကြားတွင် မတ်လ ၄ ရက်နေ့၊ နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန်ခန့်က ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ကင်းကျေးရွာက အသက် ၄၀ နှစ်အရွယ် ရွာခံ အမျိုးသမီးတစ်ဦးက “စစ်သားတွေကတော့ ခန တိုင်းရွာကို လာ ကြတာ။ သူတို့လာရင် ပြေးကြပုန်းကြတာပဲ။ ဘယ်ချိန် မီးရှို့သွားမလဲ ကြောက်နေရတာ။ မနက်ကလည်း တ အုန်းအုန်း၊ တဒိုင်းဒိုင်းနဲ့ ကြားနေရတာ” ဟု ပြောသည်။
ဖြစ်စဉ်မှာ အင်အား ၂၄ ယောက်ပါ စစ်ကောင်စီ ဆိုင်ကယ်တန်းကို မိုင်းဆွဲတိုက် ခိုက်ခဲ့ပြီးနောက် အပြန်အလှန် ပစ်ခတ်မူဖြစ်ပွားခဲ့သည်ဟုလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မတ္တရာမြို့နယ်က ထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အင်ကြင်းမြိုင် လေကြောင်းကာကွယ်ရေးတပ်မှ ဖြစ်ပြီး မတ္တရာမြို့၊ အရှေ့ပိုင်း နယ်မြေရှင်းလင်းရေးအတွက် ရောက်ရှိနေသည်မှာ သုံးရက်ခန့်ရှိပြီ ဟု သိရသည်။
ထိုစစ်ကောင်စီ တပ်သားများ သဖန်းကိုင်းကျေးရွာ ဘုန်းကြီးကျောင်းအတွင်း တပ်ဆွဲကာ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေကြခြင်းဖြစ်သည် ဟု ဒေသခံများက ပြောသည်။
စစ်ကောင်စီ တပ်သားများသည် မတ္တရာမြို့ အရှေ့ပိုင်းဒေသများတွင် မကြာခဏ နယ်မြေရှင်းလင်းရေး အတွက် ဟု ဆိုကာ လာရောက်ကြပြီး ရွာလမ်းများကို ပိတ်၍ စစ်ဆေးခြင်း၊ မသင်္ကာသည့် ရွာသားများကို ရိုက်နှက်စစ် ဆေးခြင်းများ ပြုလုပ်လေ့ရှိသည်ဟု ရွာသားများက ဆိုသည်။
ဆိုင်ကယ် စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ပြီးနောက် မိနစ်အနည်းငယ်ကြာ နှစ်ဖက်ကြား အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၁၂ ဦး သေဆုံး၊ ၁၂ ဦး ဒဏ်ရာအပြင်းထန်ရရှိခဲ့ကြပြီး ပြည်သူ့ကာကွယ်ရေး တပ်ဘက်က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မတ္တရာမြို့က ထုတ် ပြန်ထားသည်။
မတ်လ ၄ ရက်နေ့က ဖြစ်ပွားခဲ့သည့် ဆိုင်ကယ်စစ်ကြောင်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဘက်က သေ ဆုံးမှုနှင့်ပတ်သက်၍ PDF-မတ္တရာမြို့ က ထုတ်ပြန်ထားသော်လည်း သတင်းနှင့်မီဒီယာကွန်ရက် သတင်းဌာန အနေဖြင့် သီးခြင်း အတည်ပြုချက် မရရှိခဲ့ပေ။
ထိုမိုင်းခွဲတိုက်ခိုက်မူကို ပြည်သူကာကွယ်ရေးတပ်ဖွဲ့-မတ္တရာမြို့နယ် နှင့် Mandalay People’s Defense Force တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။