သာပေါင်း လွှတ်တော်ကိုယ်စားလှယ် ၂ ဦး ထောင်ချခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ မတ်လ ၆ ရက်။
ဧရာ၀တီတိုင်း သာပေါင်းမြို့မှ လွှတ်တော်ကိုယ်စားလှယ် ၂ ဦးကို ထောင်ဒဏ် ၂ နှစ်စီ ပြစ်ဒဏ်ချမှတ်လိုက်သည်။
၂၀၂၀ ရွေးကောက်ပွဲတွင် ရွေးချယ်ခံထားရသည့် သာပေါင်းမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းထွန်း နှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်အောင်ဦး တို့ကို ထောင်ဒဏ် ၂ နှစ် ချမှတ် ခြင်းဖြစ်သည်ဟု တိုင်းတရားရေးဦးစီး ဌာန နှင့် နီးစပ်သူများထံကသိရသည်။
အဆိုပါ လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးနှင့်အတူ သာပေါင်းမြို့မှ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ အမျိုးသား ၃ ဦး နှင့် အမျိုးသမီးတစ်ဦးကိုလည်း ထောင်ဒဏ် ၂ နှစ်စီ ချမှတ်လိုက်ခြင်း ဖြစ်သည်ဟု တရားလွှတ်တော် ရှေ့နေတစ် ဦး ကပြောသည်။
တရားလွှတ်တော်ရှေ့နေတစ်ဦးက “၆ ဦး စလုံးကို သဘာဝဘေးစီမံ ဥပဒေပုဒ်မ ၂၅ နဲ့ စွဲချက်တင်ပြီး အမိန့်ချတာ” ဟု ပြောသည်။
မတ်လ ၃ ရက်နေ့ မွန်းလွှဲပိုင်းအချိန်က စစ်ကောင်စီ လက်အောက်ခံ ထောင်တွင်းတရားရုံးမှ ထောင်ဒဏ် ၂ နှစ် စီ ချမှတ်လိုက်ခြင်း ဖြစ်သည်ဟု တိုင်းတရားရေးဦးစီးဌာနနှင့် နီးစပ်သူများထံမှ သိရသည်။
၎င်းတို့ ၆ ဦးသည် စစ်တပ်က အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာဆန္ဒပြမှုဖြင့် သဘာဝဘေးစီမံဖြင့် တရားစွဲ ဆိုခံထားရ ခြင်းဖြစ်သည်ဟု ရှေ့နေအသိုင်းအဝိုင်းထံမှ သိရသည်။
သာပေါင်းမြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်း နှင့် တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးအောင် အောင်ဦးကို ပုသိမ်မြို့မကျေးရွာအုပ်စု၊ ရွှေမြင်တင်ကျေးရွာရှိ ခြံတစ်ခြံ အတွင်းရှိနေစဥ် စစ်ကောင်စီတပ်က
၂၀၂၁ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့တွင် ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည် ဟု ဒေသခံအချို့၏ ပြောပြချက်အရ သိရသည်။
ရွှေမြင်တင်ကျေးရွာက ဒေသခံ တစ်ဦး က “ဖမ်းတဲ့နေ့က စစ်တပ်က သေနတ်တွေနဲ့ ပစ်ဖောက်ပြီး ဝိုင်းဖမ်းခဲ့ကြ တာ” ဟု ပြောသည်။
ဦးသိန်းထွန်းနှင့် ဦးအောင်အောင်ဦးသည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင်လည်း လွတ်တော်ကိုယ်စားလှယ် အဖြစ် ရွေးချယ်ခံရသူများ ဖြစ်ကြသည်ဟု သာပေါင်းမြို့နယ် NLD ပါတီ အလုပ်အမှုဆောင် အဖွဲ့ထံမှ သိရသည်။
ပုသိမ်ထောင်တွင် ပုဒ်မအမျိုးမျိုးတပ်ပြီး ဖမ်းဆီးခံထားရသည့်သူ အမျိုးသား အမျိုးသမီး စုစုပေါင်း ၃၅၀ ကျော် ရှိသည့် အနက် ၂၅ ဦးခန့်ကို ထောင်ဒဏ် အသီးသီးချမှတ်ထားပြီး ဖြစ်သည်ဟု နိုင်ငံရေး အကျဥ်းသားများ အား ထောက်ပံ့ကူညီပေးနေသူ အချို့ထံမှ သိရသည်။