ရန်ကုန်တွင် တလအတွင်း စစ်တပ်နှင့် လက်တွဲလုပ်ဆောင်သူ ၇၀ နီးပါး သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ မတ်လ ၆ ရက်။
ရန်ကုန်တွင် တစ်လအတွင်း စစ်ကောင်စီ အဖွဲ့ဝင်နှင့် လက်ဝေခံ အယောက် ၇၀ နီးပါးသေဆုံးပြီး အယောက်ခန့် ၁၀၀ ထိခိုက် ဒဏ်ရာရရှိခဲ့သည်ဟု ရန်ကုန်တိုင်း စစ်ဒေသကွပ်ကဲရေး အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ပျံလွှားအောင် စစ်ဆင်ရေးအနေဖြင့် တိုက်ခိုက်မှုများပြုလုပ်ခဲ့ရာ ဖေဖော်ဝါရီလ ၄ ရက်နေ့ မှ မတ်လ ၄ ရက်နေ့ အထိ တစ်လအတွင်း စစ်ကောင်စီလက်ပါးစေ အယောက် ၇၀ နီးပါးခန့် သေဆုံးကာ အယောက် ၁၀၀ ခန့် ဒဏ်ရာရရှိခဲ့သည်ဟု ရန်ကုန်တိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့က မတ်လ ၅ ရက်တွင် သတင်း ထုတ်ပြန်ခဲ့သည်။
ရန်ကုန်တိုင်းရှိ ပြည်သူ့တော်လှန်ရေးအင်အားစုများအနေဖြင့် ပျံလွှားအောင်စစ်ဆင်ရေးအနေဖြင့် စစ်ရေးလှုပ်ရှား မှုပေါင်း ၄၃ ခုဆောင်ရွက်ခဲ့ပြီး ရန်ကုန်အရှေ့ပိုင်းခရိုင်တွင် ဗုံးခွဲတိုက်ခိုက်မှု ၁၁ ကြိမ်၊ ၄၀ မမ ဗုံးသီးဖြင့်ပစ်ခတ် တိုက်ခိုက်မှု ၂ ကြိမ်ပြုလုပ်ခဲ့သည်ဟု ထုတ်ပြန်ချက်အရသိရသည်။
ထိုတိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်သားနှင့် ရဲတပ်ဖွဲ့ဝင် ၁၅ ဦးသေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ သည့်အပြင် စစ်ကောင်စီကင်းလှည့် ယာဉ် ၃ စီးလည်း ပျက်စီးခဲ့ပြီး လေတပ်ဗိုလ်ကြီးအဆင့်ရှိသူနေအိမ်၊ Mytel Showroom တစ်ခုနှင့် စစ်ကောင်စီအခြေစိုက်အဆောက်အအုံ အချို့ပျက်စီးခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ထည့် သွင်းဖော်ပြထားသည်။
မြောက်ဒဂုံမြို့နယ်၊ ၇/၈ လမ်းဆုံအနီးနေထိုင်သည့် အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသမီးတစ်ဦးက “သူတို့ တွေ(စစ်ကောင်စီတပ်သား)က တစ်နေရာရာမှာပေါက်ကွဲမှုဖြစ်လို့ သူတို့ကိုထိတာနဲ့ အဲ့ဒီနားမှာ ဆဲဆိုပြီး ပတ်ရမ်း တော့တာ။ အဲ့ဒီတော့ အနီးအနားက ရပ်ကွက်တွေကိုမွှေပြီး မဆိုင်တဲ့သူတွေကို ဖမ်းမှာပဲကြောက်တာ။ ဟို တစ် ခေါက် ကျမတို့အနားမှာ ဗုံးပေါက်တုန်းကလည်း သူတို့လူထိသွားတယ်။ ပတ်ဆဲပြီး သေနတ်နဲ့ရမ်းပစ်တာ ၁၀ ချက်လောက်ရှိတယ်” ဟု ပြောသည်။
ရန်ကုန်အနောက်ပိုင်းခရိုင်အတွင်း၌လည်း ဗုံးခွဲတိုက်ခိုက်မှု ၃ ကြိမ်ဆောင်ရွက်ခဲ့မှုကြောင့် ရန်သူစစ်သားနှင့်ရဲ ၅ ဦး သေဆုံးကာ Mytel ဖုန်းတာဝါတိုင်တစ်ခုနှင့် ရဲစခန်းအဆောက်အုံအချို့ပျက်စီးခဲ့သည်ဟု ရန်ကုန်တိုင်းစစ်ဒေသ ကွပ်ကဲရေးအဖွဲ့ထံမှ သိရသည်။
ရန်ကုန်တောင်ပိုင်းခရိုင် အတွင်း၌လည်း ပစ်ခတ်တိုက်ခိုက်မှု ၁ ကြိမ်၊ ဗုံးခွဲတိုက်ခိုက်မှု ၆ ကြိမ်၊ ၄၀ မမဗုံးသီး လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်မှု ၃ ကြိမ်ဆောင်ရွက်ခဲ့ပြီး ရန်သူတပ်ဖွဲ့ဝင် ၂၂ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာအများအ ပြားရရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။
“PDF တွေက ကြုံရင်ကြုံသလို အလစ်လာလာတိုက်နေတော့ ဒီကောင်တွေ အခုကြောက်ပြီး ဘန်ကာတွေ ဆောက်နေကြပြီ။ အင်္ဂတေနဲ့ နှစ်ထပ်ဘန်ကာတွေ ရန်ကုန်မြို့ နေရာတော်တော်များများမှာ ဆောက်နေကြတာ။ သူတို့ခံစစ်ပြင်နေကြပြီလို့တော့ မြင်တယ်” ဟု မရမ်းကုန်းမြို့နယ်အတွင်းနေထိုင်သည့် အမျိုးသားတစ်ဦး က ပြောသည်။
မြောက်ပိုင်းခရိုင်အတွင်းတွင်လည်း ဗုံးခွဲတိုက်ခိုက်မှု ၁၃ ကြိမ်၊ ၄၀ မမ ဗုံးသီးလောင်ချာဖြင့်ပစ်ခတ်မှု ၄ ကြိမ် ဆောင် ရွက်နိုင်ခဲ့ပြီး စစ်ကောင်စီလက်အောက်ခံရဲနှင့် စစ်သား ၂၅ ဦး သေဆုံးကာ စစ်ကောင်စီပိုင် တိုက်လေယာဉ် ၂ စီး၊ ကင်းလှည့်ယာဉ်တစ်စီးနှင့် စစ်ကောင်စီပိုင် Mytle တာဝါတိုင်တို့ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရ သည်။
စစ်ဆင်ရေးလှုပ်ရှားမှုများကို ဆောင်ရွက်ခဲ့သည့် ပြည်သူ့တော်လှန်ရေး အင်အားစုများအပြင် နည်းမျိုးစုံဖြင့် ထောက်ပံ့ကူညီပေးခဲ့ကြသည့် ပြည်သူများကိုလည်း အထူးကျေးဇူးတင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ကာကွယ်ဝန်ကြီးဌာန၊ ရန်ကုန်တိုင်း စစ်ဒေသကွပ်ကဲရေးအဖွဲ့က ဆိုသည်။