ဘိုကလေး ပညာရေး ကောလိပ်တွင် ကိုဗစ်ကူးစက်မှု ကြောင့် သင်တန်းသားများ ပြန်လွှတ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ မတ်လ ၆ ရက်။
ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့ရှိ ပညာရေးကောလိပ်တွင် ကိုဗစ်-၁၉ ရောဂါကူးဆက်မှု များလာ၍ သင် တန်းသားများကို အိမ်ပြန်လွတ်နေသည်ဟု သိရသည်။
မတ်လ ၄ ရက်နေ့မှ စတင်၍ နေအိမ်များသို့ ပြန်လွတ်နေခြင်း ဖြစ်သည် ဟု ဘိုကလေးမြို့ခံအချို့၏ ပြောပြချက် အရ သိရသည်။
“အတည်ပြုလူနာနဲ့ အခန်းဖော် အတူနေထိုင်တဲ့သူတွေကို Quarantine ၁၄ ရက်ထား စောင့်ကြည့် စစ်ဆေးတာ မျိုး မလုပ်ပဲပြန်လွှတ်နေတာ” ဟု ဘိုကလေးမြို့ကျန်းမာရေးဦးစီးဌာနနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ကိုဗစ်-၁၉ ရောဂါပိုးတွေ့သူများကို ဆေးကုသပေးထားပြီး ပိုးတွေ့လူနာနှင့် ထိတွေ့ထားသူများနှင့် ကျန်သင်တန်း သားများကို ရောဂါပိုး ရှိမရှိ စစ်ဆေးကာ သီးသန့် ၁၄ ရက်စောင့်ခြင်း မပြုလုပ်ဘဲ အိမ်ပြန်လွှတ်နေခြင်း ဖြစ်သည် ဟု ဘိုကလေး မြို့ခံအချို့က ပြောသည်။
ဖေဖော်ဝါရီလအတွင်း ကျရောက်ခဲ့သည့် ပြည်ထောင်စုနေ့ အခမ်းအနား တက်ရောက်ရသည့် သင်တန်းသားအချို့ မူးလဲသဖြင့် ဆေးရုံပို့ ကုသရာမှ သင်တန်းသားအချို့ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံစားနေရသည် ကို သိရှိရသည် ဟု ဘိုကလေးမြို့ကျန်းမာရေးဦးစီးဌာနနှင့် နီးစပ်သူက ဆက်ပြောသည်။
ပညာရေးကောလိပ် သင်တန်းသူ၊ သင်တန်းသား ၃၀ ကျော်တွင် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက် ခံနေပြီး ဖေဖော်ဝါရီ လကုန်ပိုင်းတွင် သင်တန်း အိပ်ဆောင်များတွင် ဖျားနာသူပိုများလာသည်ဟု သင်တန်းနည်းပြအချို့က ပြောသည်။
သင်တန်းသား အများစုက အခမ်းအနား ဖွင့်ပွဲအချို့နှင့် ပြည်ထောင်နေ့ အခမ်းအနား တက်ရောက်ရသူများ၊ တပ်ထောက်ခံပွဲ လိုက်ပါရသူများ ဖြစ်သည်ဟု မြို့ခံအချို့က ပြောသည်။
ဘိုကလေး မြို့ခံ ဦးသိန်းဝင်း က “ဘိုကလေးမှာက မြို့ဝင်ထွက်ဂိတ်နဲ့ ဆေးရုံမှာလောက်ပဲ ကိုဗစ် ပိုးစစ်ပေးတာ ကောလိပ်က သင်တန်းသားတွေ အားလုံးကို မစစ်ပေးနိုင်ကြဘူးလေ” ဟု ပြောသည်။
သင်တန်းသားများကို Quarantine ၁၄ ရက် ထားစောင့်ကြည့် စစ်ဆေးခြင်း မရှိသဖြင့် ရောဂါပိုး ကူးဆက်မှု ပိုမို တိုးလာနိုင်သည်ဟု အထွေထွေ ရောဂါကု ဆရာဝန်တစ်ဦး က မှတ်ချက်ပြု ပြောဆိုသည်။
ဘိုကလေး ပညာရေးကောလိပ်တွင် သင်တန်းသား၊ သင်တန်းသူ ၂၆၅ ဦးရှိပြီး ထပ်မံ ကူးဆက်မှုမရှိစေရန်နှင့် Quarantine ထား စောင့်ကြည့်ရန်၊ ကုသပေးရန် အခက်အခဲများ ရှိနေသဖြင့် သင်တန်းသားများကို ရက်အကန့် အသတ်မရှိ အိမ်ပြန်နေခွင့်ပြုခြင်း ဖြစ်သည်ဟု ဘိုကလေး ပညာရေးကောလိပ်က သင်တန်းဆရာ အချို့၏ ပြောပြ ချက်အရ သိရသည်။