လေးကေ့ကော်တွင် တိုက်ပွဲများ ပြန်ဖြစ်ပွား၊
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ မတ်လ ၈ ရက်။
လေးကေ့ကော်မြို့သစ်နှင့် အနီးတဝိုက်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် စတင်ပစ်ခတ်ခဲ့ရာမှ နှစ်ဖက်ကြား မတ်လ ၇ ရက်နေ့က တိုက်ပွဲပြန်လည် ဖြစ်ပွားခဲ့သည်ဟု KNU က ပြောသည်။
KNU တပ်မဟာ ၆ မြ၀တီမြို့နယ် လေးကေ့ကော်မြို့သစ် အနီးတစ်ဝိုက်တွင် စစ်ကောင်စီတပ်နှင့် ကရင်အမျိုး သား လွတ်မြောက်ရေးတပ်မတော် KNLA ၊ PDF ပူးပေါင်းတပ်တို့အကြား ယမန်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲ အခြေအနေနှင့် ပတ်သက်၍ ကရင်အမျိုးသား အစည်းအရုံး KNU ဗဟိုကော်မတီဝင် နိုင်ငံခြားရေးဌာန တာဝန်ခံ ပဒိုစောတောနီးက အခုလိုပြောသည်။
“တိုက်ပွဲကတော့ ဖြစ်တာကတော့ ကျနော်တို့ သိရတာက မနေ့တုန်းက မနက် သူတို့ တပ်တွေက အဲဒီအထဲကို ဝင်သွားတယ်ဆိုတော့ တိုက်ပွဲတွေဖြစ်တယ်။ လေးကေ့ကော် ဒီ အမြောက်ကုန်း အရပ်အခေါ်ကျတော့ ခွေးကုန်း ပေါ့နော အဲဒီ အနီးနား တစ်ဝိုက်မှာ ဖြစ်တယ်။ နောက်ပြီးတော့ ပန်းခြံ လေးကေ့ကော်ပန်း ခြံအနား တစ်ဝိုက် နောက်ပြီးတော့ ရသေ့ဂူကို ဆင်းသွားတယ် အဲဒီဖက်လမ်းကို ဆင်းသွားတော့ အဲဒီမှာ တိုက်ပွဲဖြစ်တယ်။ လှမ်းပစ် တာလည်းပါတယ်။ ထိတွေ့တိုက်ပွဲလည်းဖြစ်တယ်လေ။ မနက်ပိုင်းမှာ ဖြစ်တယ်” ဟုပြောသည်။
မတ်လ ၂ ရက်နေ့က စတင်၍ စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ်-BGF တို့ ပူပေါင်း၍ KNLA ရှိနေသည့် နေရာများဘက်ကို နယ်မြေရှင်းလင်းရန် စစ်ကြောင်းထိုးလာပြီးနောက် လေးကေ့ကော်ဒေသနှင့် ဆက်စပ်နေ သည့် ဖလူးလေး-ရသေ့ဂူ လမ်းပိုင်းတွင် နေ့စဉ်တိုက်ပွဲများ ဖြစ်ပွားလာနေသည်ဟု KNU က ပြောသည်။
မတ်လ ၇ ရက်နေ့ ယမန်နေ့က လေ့ကေ့ကော်မြို့သစ်နှင့် အနီးတစ်ဝိုက်တွင် တိုက်ပွဲဖြစ်ပွားခဲ့သော်လည်း မတ်လ ၈ ရက်နေ့(ယနေ့) တွင်မူ အဆိုပါဒေသအတွင်း တိုက်ပွဲဖြစ်ပွား မှုများနှင့် ပတ်သက်၍ တစ်စုံတစ်ရာ မကြားသိရ သေးဟု ဆိုသည်။
လက်ရှိတွင် လေးကေ့ကော်မြို့သစ်နှင့် အနီးအနားတစ်ဝိုက်တွင် နှစ်ဖက်တပ်များအကြား စစ်ရေးတင်းမာမှုများ ရှိနေပြီး စစ်ကောင်စီတပ်က တပ်ဆုတ်သွားခြင်း မရှိသေးသည့်အတွက် တိုက်ပွဲများမှာ အချိန်မရွေး ထပ်မံဖြစ် ပွား လာနိုင်သည်ဟု KNU က ပြောသည်။
ပဒိုစောတောနီးက “တပ်တွေက ဆုတ်မှမဆုတ်ပဲလေ အဲလိုပဲရှိနေတော့ ဆိုင်ထားတဲ့နေရာတွေရှိနေတော့ သူက တော့ တစ်ချိန်လုံးငြိမ်နေရင်တော့ တော်ယုံတန်ယုံမဖြစ်ဘူးလေ။ ဒါပေမယ့် ထွက်အပြင်ကိုထွက် လိုက်တာနဲ့ ဟိုသွားဒီသွားရင်တော့ တိုက်ပွဲဖြစ်မှာပဲလေ။ ဆိုတော့ အဲလိုအနေအထားမျိုးရှိနေတယ်” ဟု ပြောသည်။
တစ်ဘက်တွင်လည်း စစ်ကောင်စီတပ်က လေကြောင်းမှတဆင့် ကင်းထောက်လှမ်းမှုများ ဆက်တိုက်ပြုလုပ် နေ သည့်အတွက် ညအချိန် ဗုံးကျဲတိုက်ခိုက်မည်ကို ဖလူးလေးစစ်ဘေးရှောင်များ က စိုးရိမ်နေကြသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့က လေးကေ့ကော်မြို့သစ်ထဲသို့ ဝင်ရောက် စစ်ဆေး မှုများ လုပ်ဆောင်ပြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦး အပါအဝင် လူဦးရေ ၁၃ ယောက်နှင့် အထက်ကို ဖမ်းဆီး ခေါ်ဆောင် သွားခဲ့ပြီး နောက်တစ်ရက်တွင် လေးကေ့ကော်မြို့သစ်ထဲသို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ PDF များ ကို ဝင်ရောက်ရှာဖွေသည်ဟု ဆိုကာ ထပ်မံဝင်ရောက်လာရာမှ တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရ သည်။
ထိုတိုက်ပွဲများကြောင့် ဒေသခံများမှာ ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်တစ်လျှောက်နှင့် တောတောင်များထဲ တွင် စစ်ဘေးရှောင်နေကြရသည့်အတွက် အခက်အခဲမျိုးစုံနှင့် တွေ့ကြုံနေရသည်ဟု အကူအညီပေးနေ သူများ နှင့် စစ်ဘေးရှောင်များက ဆိုသည်။
စစ်ဘေးရှောင်များမှာ နေရပ်ပြန်လိုကြသော်လည်း ၎င်းတို့နေထိုင်ရာ ကျေးရွာနှင့် အနီးအနားတစ်ဝိုက်တွင် စစ်ကောင်စီတပ်များ ရှိနေပြီး တိုက်ပွဲများလည်း အချိန်မရွေး ဖြစ်ပွားလာနိုင်သည့်အတွက် နေရပ်မပြန်နိုင်ကြ သေးပဲ တောတောင်ထဲတွင် ဆက်လက်နေထိုင်နေ ကြသည်ဟု ပဒိုစောတောနီးက ပြောသည်။
၎င်းက “တပ်တွေက အဲဒီမှာပဲ ရှိတယ်လေ ဆုတ်မှ မဆုတ်ပဲဟာ ဆိုတော့ အဲဒီမှာ ရှိတော့ သူတို့ပြန်လာလို့လည်း မလွယ်ဘူးလေ။ ဒီလိုပဲ ပြန်လာပြီးတော့ ချောင်းကြည့်တဲ့ဟာတော့ ရှိမှာပေါ့လေ။ သူတို့က ပြန်လာပြီးတော့ ကိုယ့်အိမ်ကိုယ်ပြန် ဒါပေမယ့် အခြေအနေက သိတဲ့အတိုင်းပဲ အိမ်တွေကလည်း အကုန်လုံး ရှိတဲ့ဟာလည်း အကုန်လုံး လုယူဖျက်ဆီး အဲဒါတွေက ဖြစ်နေတော့ ရွာသားတွေလည်း မပြန်လာကြတော့ဘူး တောထဲမှာပဲ နေ ကြတယ်။ IDPs ဆိုဒ်လိုမျိုးပေါ့နော။ အဲလိုပဲနေကြတယ်” ဟုပြောသည်။
တိုက်ပွဲများကြောင့် လေးကေ့ကော် အပါအဝင် ကျေးရွာ ၅ ရွာက အရပ်သားပြည်သူ လူဦးရေ ၆၀၀၀ ကျော် သည် ထိုင်း-မြန်မာ နယ်စပ် သောင်ရင်းမြစ်တစ်လျှောက်နှင့် တောတောင်များထဲ စစ်ဘေးရှောင်နေကြရသည်မှာ ယနေ့ အချိန်ထိ ဖြစ်သည်။
ကရင်အမျိုးသားအစည်းအရုံး KNU ၏ ကော်သူးလေ အုပ်ချုပ်နယ်မြေအတွင်း ဖေဖော်ဝါရီလ တစ်လလံး စစ် ကောင်စီတပ်၊ BGF ပူးပေါင်းတပ်များနှင့် KNLA၊ KNDO ပူးပေါင်းတပ်တို့အကြား ထိတွေ့ ပစ်ခတ်တိုက်ခိုက်မှု ပေါင်း ၂၉၈ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ် BGF တို့ဘက်က ၃၀၅ ဦး သေဆုံးပြီး ထိ ခိုက်ဒဏ်ရာ ရရှိခဲ့သူ ၂၀၉ ရှိခဲ့သည်ဟု KNU က ထုတ်ပြန်ထားသည်။