ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်များအား မဲမသမာမှုဖြင့် ပြစ်ဒဏ်ချ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ မတ်လ ၉ ရက်။

ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်အသီးသီးက ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲကော်မရှင် အရပ်သားအဖွဲ့ဝင်များကို စစ်ကောင်စီ ခရိုင်တရားရုံးက အပြစ်ရှိကြောင်း ဆုံးဖြတ်လိုက်ပြီး ဒဏ်ငွေ ကျပ် တစ်သောင်းစီ ပေးဆောင်ရန် ချမှတ်လိုက်သည်ဟု သိရသည်။

၎င်းတို့အား ၂၀၂၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ ကာလအတွင်း မဲမသမာမှုများ ပြုလုပ်သည်ဟုစွပ်စွဲကာ ရွေး ကောက်ပွဲဆိုင်ရာ ပြစ်မှုပုဒ်မ ၁၃၀-က ဖြင့် ဖေဖော်ဝါရီလဆန်းက အမှုဖွင့် တရားစွဲဆိုခဲ့ပြီးနောက် မတ်လဆန်း တွင် ပြစ်ဒဏ်အမိန့် ချမှတ်လိုက်သည်ဟု တရားရေးဌာနနှင့် နီးစပ်သူများထံကသိရသည်။

ဖျာပုံမြို့က ကော်မရှင်အဖွဲ့ဝင် တစ်ဦး၏ သမီးဖြစ်သူက “ဝန်မခံရင် ကာယကံရှင်ကိုရော မိသားစုကို ရော ထိခိုက် မယ်လို့ ကျမ အဖေကို ကော်မရှင်အရာရှိ ဗိုလ်မှုးဇော်လွင်ဦးက ဖိအားပေး ခြိမ်းခြောက်လို့ မိသားစုက အဖေ့ကို ဝန်ခံလိုက်ဖို့ ပြောကြရတယ်” ဟု ပြောသည်။

ရွေးကောက်ပွဲကော်မရှင် အရပ်သားအဖွဲ့ဝင်အချို့မှာ ခြိမ်းခြောက်ခံရမှုများ ရှိနေသည့်အတွက် ယခုကဲ့သို့ ဝန်ခံ လိုက်ရခြင်း ဖြစ်သည်ဟု သိရသည်။

ထို အရပ်သား ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များကို စစ်ကောင်စီက ဖိအားပေးဝန်ခံစေပြီး ရုံးချိန်း ၃ ကြိမ် ခေါ် ယူကာ ငွေဒဏ် ၁၀,၀၀၀ ကျပ်စီ ပြစ်ဒဏ် ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

မြို့နယ်တိုင်းရှိ ယခင် အရပ်သားအစိုးရခန့် အရပ်သား ကော်မရှင်အဖွဲ့ဝင်များကို စစ်ကောင်စီခန့် ခရိုင်ရွေး ကောက်ပွဲ ကော်မရှင်အရာရှိများက အမှုဖွင့်ခဲ့ပြီး တရားလိုဖြစ်သည့် ယင်းအရာရှိများ ကိုယ်တိုင်က ဖိအားပေး ဝန်ခံခိုင်းခဲ့ခြင်းဖြစ်သည် ဟု နီးစပ်သူများထံမှ တဆင့် သိရသည်။

ပုသိမ်မြို့နယ်တွင်မူ ရဲတပ်ဖွဲ့ တာဝန်ရှိသူက ကော်မရှင်အဖွဲ့ဝင်များကို ဆင့်ခေါ်ပြီး မဲမသာမှုလုပ်ခဲ့ကြောင်း တရားရုံးတွင် ဝန်ခံပါက ဒဏ်ငွေ ပေးဆောင်ပြီးနောက် ပြီးပြတ်မည်ဖြစ်၍ ဝန်ခံရန် ပြောဆိုမှုများလည်းရှိခဲ့သည် ဟု ကော်မရှင်အဖွဲ့ဝင် အချို့က ပြောသည်။

“ဆောင်ရမယ့် ဒဏ်ငွေတစ်သောင်းကို စစ်ကောင်စီက ပေးပါတယ်။ ကျနော်တို့က တရားရုံး မှာ ဝန်ခံပေးရရုံပါ ဘဲ။ ဖမ်းဆီးတာမျိုး မခံရပါဘူး” ဟု ပုသိမ်မြို့နယ်က အရပ်သား ကော်မရှင်အဖွဲ့ဝင် တစ်ဦးက ဆက်ပြောသည်။

၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင် ဧရာဝတီတိုင်းအတွင်း မဲလိမ်မဲခိုးမှုမရှိခဲ့သလို မဲရုံပိတ်ချိန် နောက်ပိုင်းရောက်လာ သည့် ကြိုတင်မဲနှင့် နောက်တိုးမဲများလည်း မရှိခဲ့ဘူးဟု ၂၀၂၀ ရွေးကောက်ပွဲအပြီး ပြုလုပ်သည့် သတင်း စာရှင်း လင်းပွဲတွင် ကော်မရှင်အဖွဲ့တာဝန်ရှိသူများက ပြောဆိုခဲ့သည်။

သို့သော် မဲမပေးခင် မဲစာရင်းမှားယွင်းမှုမျိုးရှိခဲ့ရာ ရွေးကောက်ပွဲ ဆိုင်ရာ လုပ်ထုံးလုပ်နည်း၊ နည်းဥပဒေ နှင့် အညီ ဆောင်ရွက်ခဲ့ကြကြောင်း ဧရာဝတီတိုင်း ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ တာဝန်ရှိသူက ၂၀၂၀ ခုနှစ် ရွေးကောက် ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“မဲစာရင်းတွေမှားတယ်၊ လိုနေတယ်၊ ပိုနေတယ် ဆိုတာ စစ်တပ်ကလာတဲ့ မိုးကျရွှေကိုယ် ရွေးကော် ညွှန်ကြား ရေးမှူးတွေ၊ ထွေအုပ်ဦးစီးတွေ၊ လဝကအရာရှိတွေရဲ့ အပိုင်းပါ လက်သန်းက မှင်က ဖျက်မရတာကြောင့် လူတစ် ယောက်တည်း ၂ ကြိမ်မဲပေးလို့မရဘူး” ဟု ဘိုကလေးမြို့က CDM ကျောင်းဆရာမ မဲရုံအဖွဲ့ဝင်တစ်ဦး က ထောက်ပြ ပြောဆိုသည်။

ယခုလုပ်ရပ်သည် စစ်ကောင်စီအနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ခန့်ထားသည့် အရပ်သားကော်မရှင် အဖွဲ့ဝင်များကို မဲမသမာမှု ပြုလုပ်ခဲ့ကြောင်း ပြည်တွင်းပြည်ပကို သက်သေပြရန်အတွက် ဖန်တီးလုပ်ဆောင်နေ ခြင်းသာ ဖြစ်သည်ဟု နိုင်ငံရေး တက်ကြွလှုပ်ရှားသူများက သုံးသပ်မှုများလည်း ရှိနေသည်။

ဧရာဝတီတိုင်းတွင် မြို့နယ် ၂၆ မြို့နယ် ရှိပြီး မြို့နယ်ကော်မရှင် အဖွဲ့ခွဲများတွင် ကော်မရှင်ရုံးအရာရှိ၊ ထွေအုပ်၊ လဝက တာဝန်ရှိသူများနှင့် အရပ်သားများဖြင့် အဖွဲ့ဝင် ၁၅ ဦးစီ အနည်းဆုံး ပါဝင်သည်။

ထိုသို့ ၁၅ ဦး ရှိသည့်အနက်မှ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် အရပ်သား ၁၂ ဦးကိုသာ စစ်ကောင်စီ၏ ခရိုင် တရားရုံးများက အရေးယူ ဒဏ်ငွေချမှတ်ခြင်းဖြစ်ပြီး၊ ကော်မရှင်ရုံး အရာရှိ (ညွှန်ကြားရေးမှူး)၊ ထွေအုပ်ဦးစီးမှူး နှင့် လဝကမှ တာဝန်ရှိသူများကို တစ်စုံတစ်ရာ အရေးယူခြင်း မရှိဘူးဟု လည်း သိရသည်။