ဧရာဝတီတိုင်းတွင် တက္ကသိုလ်ဝင်တန်း ဖြေဆိုသူ လေးပုံတစ်ပုံ အထိ ကျဆင်း

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ မတ်လ ၁၃ ရက်။

ဧရာဝတီတိုင်းတွင် စစ်ကောင်စီက ပြုလုပ်မည့် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက် ဖြေဆိုမည့်သူ ထက်ဝက်ကျော်နည်းသွား သည် ဟု ဧရာဝတီတိုင်း ပညာရေးမှူးရုံးနှင့် နီးစပ်သူများထံမှ သိရသည်။

ဧရာဝတီတိုင်းအတွင်း စစ်ကောင်စီက ပြုလုပ်မည့် ၂၀၂၁/၂၀၂၂ ပညာနှစ် တက္ကသိုလ်ဝင် စာမေးပွဲ ဝင်ရောက်ဖြေ ဆိုမည့်သူ ၄၀၃၁၂ ဦး သာရှိပြီး ယခင်အရပ်သား အစိုးရလက်ထက် တက္ကသိုလ်ဝင် စာမေးပွဲ ဝင်ရောက် ဖြေဆို မည့်သူများ၏ လေးပုံ တပုံသာ ရှိတော့ခြင်း ဖြစ်သည်။

အငြိမ်းစား ပညာရေးမှူးတစ်ဦးက “ဆယ်စုနှစ် တစ်ခုအတွင်းမှာ အနည်းဆုံးပါပဲ။ တိုင်းပြည်ရဲ့ ကျန်းမာရေး နိုင်ငံရေး အခြေအနေတွေကြောင့် ကျောင်းပညာသင်တဲ့သူ လျော့ကျသွားတယ်။ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေသူလည်း လျော့ကျသွားတယ်” ဟု က ပြောသည်။

ယခင်အရပ်သား အစိုးရလက်ထက်က ပြုခဲ့လုပ်သည် ၂၀၁၉/၂၀၂၀ ပညာနှစ် တက္ကသိုလ်ဝင် စာမေးပွဲ ဝင်ရောက် ဖြေဆိုခွင့်ရရှိသူ ၁၀၃,၃၂၈ ဦးဖြင့် နှိုင်းယှဥ်ပါက ၂၅.၆၂ ရာခိုင်နှုန်းကျော်သာရှိသည်ဟု ပညာရေးဌာနက အငြိမ်း စား ပညာရေးမှူးက ပြောသည်။

၂၀၂၁/၂၀၂၂ ခုနှစ် ပညာသင်နှစ်၏ တက္ကသိုလ်ဝင်စာမေးပွဲကို ၂၀၂၂ ခုနှစ် မတ်လ ၃၁ ရက်နေ့မှ ဧပြီလ ၉ ရက် နေ့အထိ ကျင်းပသွားမည်ဟု စစ်ကောင်စီလက်အောက်ခံ သတင်းစာများတွင် ဒီဇင်ဘာလ ၂၉ ရက်နေ့က ဖော် ပြထားသည်။

ပုသိမ်စာစစ်ဌာနတွင် ၂၀၁၉/၂၀၂၀ ပညာသင်နှစ်က တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုသူ ၆၀၀၀ ကျော်ရှိခဲ့ရာမှာ ယခုနှစ်တွင် ဖြေဆိုမည့် ကျောင်းသားဦးရေ ၂၅၀၀ သာရှိသည်ဟု ပုသိမ် မြို့နယ် ပညာရေးမှူးရုံး မိသားစု အသိုင်း အဝိုင်းထံမှ သိရသည်။

စစ်ကောင်စီ အနေဖြင့် သင်ကြားရေး ဆရာ၊ ဆရာမ လုံလောက်မှုမရှိ သင်ကြားချိန် သင်ရိုးညွှန်းတန်း ပြည့်ဝမှု မရှိပါပဲ စာမေးပွဲများကို ကျင်းပရန် စီစဥ်ခြင်းဖြစ်သည်ဟု CDM ပညာရေး ဝန်ထမ်းအချို့ က သုံးသပ်သည်။

CDM ပြုလုပ်သဖြင့် ပုသိမ်တက္ကသိုလ်မှ အလုပ်ထုတ်ခံရသည့် ဆရာတစ်ဦးက “သင်ကြားပေးသူ သင်ရိုးညွန်း တန်း သင်ကြားချိန် ပြည့်ဝမှုမရှိပဲ ဒီလိုလုပ်တာက တိုင်းပြည်ရဲ့ အနာဂတ်ကို ဖျက်ဆီးပစ်တာ” ဟု ပြောသည်။

စစ်တပ်အာဏာ သိမ်းပြီးနောက် စစ်ကောင်စီသည် ၂၀၂၁ ခုနှစ် ဇွန်လ ၁ ရက်နေ့က အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များကိုပြန်ဖွင့်ခဲ့ပြီး သင်ကြားရေး ဆရာ၊ ဆရာမ မလုံလောက်ခြင်း၊ တက်ရောက်သည့် ကျောင်းသား/ သူ နည်းပါးခြင်း၊ ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ဖြစ်ပွားလာခြင်းတို့ကြောင့် ဇူလိုင် ၃ ရက်နေ့တွင်ကျောင်းများ ကို ပြန်ပိတ်ခဲ့ရသည်။

ထို့နောက် ၂၀၂၁ ခုနှစ် သြဂုတ်လဆန်းပိုင်းတွင် ကျောင်းများကို ပြန်ဖွင့်ခဲ့သည်။

တက္ကသိုလ်တန်းဝင်တန်း ကျောင်းသား မိဘတစ်ဦးဖြစ်သူ ဦးလှအေးက “စစ်အုပ်ချုပ်ရေး စနစ်အောက်မှာ သား အတွက် စိတ်မချလို့ ကျောင်းပြန် မတက်ခိုင်းဘူး။ စာတတ်အောင် အပြင်မှာ လေ့လာခိုင်းတယ်။ လိုအပ်ရင် တတ်ကျွမ်းတဲ့ ဆရာတွေစီမှာ အပ်တယ်။ အတန်းတက်လက်မှတ် ရဖို့ထက် တကယ်တတ်ဖို့က အရေးကြီး တယ်” ဟု ပြောသည်။

၂၀၂၀/၂၁ ခုနှစ် ပညာသင်နှစ်က ကိုဗစ်-၁၉ ရောဂါကူးဆက်မှု ဖြစ်ပွားနေ၍ တက္ကသိုလ်နှင့် အခြေခံပညာ ကျောင်း များ ပိတ်ထားခဲ့ရခြင်းနှင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်တပ် အာဏာသိမ်းမှု ဖြစ်ပွားခဲ့ခြင်း တို့ ကြောင့် မတ်လအတွင်း ကျင်းပလေ့ရှိသည့် တက္ကသိုလ်ဝင် စာမေးပွဲကို မကျင်းပနိုင်ခဲ့ခြင်း မရှိပေ။