ဒေသခံများအား ခြိမ်းခြောက်နေသည့် ပျူစောထီး ခေါင်းဆောင်တစ်ဦး ပစ်သတ်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ မတ်လ ၁၃ ရက်။
ဒေသခံများအား ခြိမ်းခြောက်ဖမ်းဆီးသည့် ပျူစောထီး ခေါင်းဆောင်တစ်ဦး ပစ်သတ်ခံလိုက်ရသည်ဟု ဒေသခံ များက ပြောသည်။
ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာက ပျူစောထီး ခေါင်းဆောင်တစ်ဦး မတ်လ ၁၁ ရက်နေ့ နံနက် ၃ နာရီ အချိန်ခန့်က ပစ်သတ်ခံလိုက်ရခြင်း ဖြစ်သည်။
“နဖူးနဲ့ မျက်လုံးကို သေနတ် နှစ်ချက်မှန်ပြီး ဟင်္သာတ ဆေးရုံ အရောက်မှာ သေသွားတယ်” ဟု အင်္ဂပူမြို့ လူမှုကူညီရေးအဖွဲ့ဝင် တစ်ဦး က ပြောသည်။
ပစ်သတ်ခံလိုက်ရသည့် ပျူစောထီးခေါင်းဆောင်ဆိုသူမှာ ဦးလှိုင်ဝင်းအောင် အသက် ၅၄ နှစ် ဝန်းကျင်ရှိသူ ဖြစ်သည်ဟု သိရသည်။
၎င်းသည် စစ်တပ်နှင့် ရဲကို သတင်းပေးပြီး ဒေသခံများအား ခြိမ်းခြောက် ဖမ်းဆီးနေသည့် ထန်းပင်ကုန်းကျေး ရွာသား ပျူစောထီး ခေါင်းဆောင်ဖြစ်ပြီး အမည်မသိသူလူတစ်စုက ပစ်ခတ်သွားခြင်းဖြစ် သည်ဟု ဒေသခံများ က ဆိုသည်။
ဦးလှိုင်ဝင်းအောင်သည် ပြည်ခိုင်ဖြိုးပါတီ စည်းရုံးရေးမှူး နှင့် မဘသ အဖွဲ့ဝင်တစ်ဦးဖြစ်ကာ ပျူစောထီး သင် တန်းဆင်း ၀တ်စုံကို ဝတ်ဆင်၍ ဒေသခံများအား ခြိမ်းခြောက် ဖမ်းဆီးသူအဖြစ် နာမည်ကြီးသူ တစ်ဦး ဖြစ် သည်ဟုလည်း ဒေသခံအချို့က ပြောသည်။
ပစ်သတ်မှုနှင့် ပါတ်သက်၍ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များက ထန်းပင်ကုန်းရွာကို ပိတ်ဆို့ စစ်ဆေးပြီးနောက် အင်္ဂ ပူမြို့ ဆိပ်ကမ်းသာလမ်းဆုံနှင့် ဟင်္သာတ မြို့အဝင်အထွက် ဂိတ်များတွင်လည်း ဆိုင်ကယ်၊ ကားများကို ပိတ်ဆို့ စစ်ဆေးကာ ဆိုင်ကယ်စီး ခရီးသွား လူငယ် အချို့ကိုလည်း ဖမ်းဆီးထားသည်များ ရှိသည်ဟု မျက်မြင်တွေ့ရှိသူ အချို့၏ ပြောပြချက်အရ သိရသည်။
ဒေသခံ PDF အဖွဲ့တစ်ဖွဲ့ ဖြစ်သည့် စွန်ရဲနီအဖွဲ့၏ တာ၀န်ရှိသူက “ဒလန်သုတ်သင်တဲ့ အဖွဲ့က ဖမ်းဆီးခံရတာ ထိ ခိုက်တာ မရှိပဲ ဘေးကင်းရာကို ပြန်ရောက်နေပါပြီ။ စစ်ကောင်စီတပ်ဖွဲ့က ယုန်တောင်ပြေး ခွေးနောက်လိုက် ဖြစ်နေတယ်” ဟု ပြောသည်။
ပျူစောထီးခေါင်းဆောင် ဦးလှိုင်ဝင်းအောင်က စစ်ကောင်စီကို သတင်းပေး တိုင်ကြားသဖြင့် ဖမ်းဆီးခံရသူ အ များအပြား ရှိနေပြီဖြစ်ရာ တော်လှန်ရေးအကျိုးစီးပွားအတွက် ယခုကဲ့သို့လုပ်ဆောင်ရခြင်းဖြစ်သည် စွန်ရဲနီအဖွဲ့ တာဝန်ရှိသူက ဆက်ပြောသည်။
ဦးလှိုင်ဝင်းအောင်သည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဧရာဝတီတိုင်း ဝန်ကြီးချုပ်ဟောင်း ဦးသိန်းအောင်၏ လူရင်းတစ်ဦး ဖြစ်ပြီး ၂၀၁၀ ခုနှစ်မှ စ၍ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲ အကြိုကာလများတွင် ဦးသိန်းအောင် မဲအနိုင် ရရှိရေး မဲဆွယ်စည်းရုံးမှုများ လိုက်လံ ဆောင်ရွက်ခဲ့သူတစ်ဦး ဖြစ်သည်ဟုလည်း သိရသည်။