အတွဲလိုက်ဒုံးများ၊ လေယာဉ်များနဲ့ တိုက်ခိုက်မှုကြောင်း ဒေါငံခါးအား ကရင်နီ တပ်များ စွန့်ခွာ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ မတ်လ ၁၄ ရက်။

ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ်အတွင်း စစ်ကောင်စီ၏ လေကြောင်း၊ ကုန်းကြောင်းထိုးစစ်များကြောင့် ဒေါငံ ခါးရပ်ကွက်နေရာကို မတ်လ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် ယာယီဆုတ်ပေးလိုက်ရသည်ဟု ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP က ပြောသည်။

မတ်လ ၁၃ ရက်နေ့ နံ့နက်ပိုင်းကစတင်၍ တစ်ရက်လုံးနီးပါး တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီက တာဝေး ပစ် လျှော့တိုက်ဒုံးများ၊ လက်နက်ကြီးများနှင့် ဆက်တိုက်ပစ်ခတ်ခဲ့သည့်အပြင် လေကြောင်းမှလည်း တိုက်ခိုက်ခဲ့ သည်ဟု သိရသည်။

ကရင်အနီအမျိုးသားတိုးတက်ရေးပါတီ KNPP အတွင်းရေးမှူး(၁) ခူဒယ်နီယာ က “လက်လွှတ်လိုက်ရတယ်ဆိုတဲ့ ဟာက စစ်ဆင်ရေးဆိုတဲ့အမျိုးက သူအားသာရင် ကိုယ်ကတော့ ရှောင်ပေးရတယ်။ ကိုယ်အားသာရင် သူက ရှောင်ပေးရတယ်။ လက်လွတ်လိုက်ရတယ်ဆိုတာ ဒီနေရာ နဂိုကတည်းက အသေထိုင်တဲ့ အမာခံ စခန်းမဟုတ် ဘူး။ ရန်သူကတော့ စစ်ကောင်စီကတော့ တဖြည်းဖြည်းတိုးလာနေတယ်ပေါ့လေ။ ဟိုးမိုးဗြဲကနေ နန်းမယ်ခုံ ဒေါငံခါး တလျှောက်လုံးပေါ့” ဟု ပြောသည်။

ထိုသို့ တိုက်ပွဲများ ဖြစ်ပွားနေသည့်အတွက် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF B09) ၏ နယ်မြေ ထဲက စစ်ကောင်စီတပ်များ အသုံးပြုနေသည့် လွိုင်ကော်-ဒီးမော့ဆို လမ်းပိုင်းကိုလည်း အကန့်အသတ်မရှိ ပိတ် ထားလိုက်ပြီဖြစ်ပြီး မိဘပြည်သူများအနေဖြင့် သွားလာခြင်း မပြုလုပ်ကြဖို့ KNDF က မတ်လ (၁၃) ရက်နေ့တွင် အသိပေးမေတ္တာရပ်ခံစာ ထုတ်ပြန်ထားသည်။

မတ်လ ၁၃ ရက်နေ့က တိုက်ပွဲသည် နံနက်အစော မိုးမလင်းခင် ၄ နာရီအချိန်လောက်စတင်၍ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ စစ်ကောင်စီဘက်က ၆၀ မမ၊ ၁၂၀ မမ၊ လျှော့တိုက်ဒုံးများနှင့် ဆက်တိုက်ပစ်ခတ်နေပြီး KNDF များဘက်က ကျဆုံးမှုစာရင်းကို အတိအကျမသိရသေးပေမယ့် ထိခိုက်ဒဏ်ရာ ရရှိမှုများ ရှိနေသည်ဟု လည်း KNDF B01 တာဝန်ရှိသူ တစ်ယောက်က ကန္တာရဝတီတိုင်း(မ်) သတင်းဌာနကို ပြောဆိုထားသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီက ပစ်လိုက်သည့် လက်နက်ကြီးကျည်များသည် “ပစ်လိုက်တဲ့ လက်နက်ကြီးတွေက ရွာထဲကျတယ်။ ဒါပေမယ့် အဲ့ဒီထဲမှာ က ဘယ်သူမှ မရှိတော့ဘူး။ ကျနော်တို့ဘက်က လက်နက်ကိုင်ထားတဲ့ လူတွေလည်း အဲ့မှာမရှိဘူး။ သူ့ဟာသူ ရွာထဲ ကိုပစ်တာ။ ဆိုတော့ ဘယ်သူမှ ထိခိုက်မှုမရှိဘူး။ အခုနက တိုက် ပွဲကတော့ ဆက်ဖြစ်နေတုန်းပဲ။ ထိခိုက် ကျဆုံးမှုကတော့ မသိရသေးဘူး” ဟု ခူဒယ်နီယာ က ဆက်ပြောသည်။

ထိုတိုက်ပွဲသည် စစ်အင်အား၊ လက်နက် လူအင်အားသာလွန်းသည့် စစ်ကောင်စီတပ်ကို KA, KNDF, PDF, KGZ ပူးပေါင်းတပ်များက ခုခံစစ်ပုံစံဖြင့် တိုက်ခိုက်ခဲ့ရခြင်း ဖြစ်သည်ဟုလည်း ခူဒယ်နီယာက ဆက်ပြောသည်။

“သူတို့ကတော့ လူအင်အားက ပိုသာတယ်။ လက်နက်အင်အားတွေက သာတယ်။ အဲ့ဒါမြေပြင်ကနေ တဖြည်း ဖြည်းတိုးလာတယ်။ ကျနော်တို့က ခံစစ်အနေအထားမျိုးတော့ ရှိနေတယ်။ သူတို့က လက်နက်ကြီး ကျနော်တို့ သူတို့ကို မယှဉ်နိုင်တာက လက်နက်ကြီးတစ်ခု၊ နောက်ပြီး လေယာဉ်ကလည်းပါတယ်။ လေယာဉ်နဲ့လိုက်ကြဲ တယ်။ ရွာတွေကို လိုက်ကြဲတယ်။ ပြီးတော့ လက်နက်ကြီးနဲ့ လှမ်းထုတယ်။ အဲ့ဒါနဲ့ ကျနော်တို့က ဒီလက်နက် ကြီး တစ်ခုသူတို့ကို ယှဉ်လို့မရဘူး။ တိုက်ပွဲမှာ ခနလေး ရင်ဆိုင်မှုမျိုးတော့ ဖြစ်တယ်။ ပြီးတော့ လက်နက်ကြီး နဲ့ထုတယ်။ ကိုယ်က နေရာဖယ်ပေးလိုက်ရတယ်။ အဲ့လိုမျိုး အနေအထားမျိုးပဲ ရှိပါတယ်။”

စစ်ကောင်စီတပ်များက မိုးဗြဲဘက်မှ တဖြည်းဖြည်း နန်းမယ်ခုံ၊ ဒီးမော့ဆိုမြို့နယ်ထဲက ဒေါငံခါး ယာယီ စခန်း နေရာအထိ ရောက်လာတာဖြစ်ပြီး မြို့အတွင်း နေရာထက်ဝက်ကျော်ခန့်ကိုလည်း နယ်မြေစိုးမိုးထားသည်ဟု သိရသည်။

ဖေဖော်ဝါရီလ နောက်ဆုံးအပတ်ခန့်မှ စတင်၍ ယနေ့အချိန်ထိ ရက်ပေါင်း ၂၀ လောက်အကြာ ဖြစ်ပွားနေသည့် ကရင်နီပြည်နယ်ထဲ့ တိုက်ပွဲများတွင် စစ်ကောင်စီက နေ့စဉ်နီးပါး လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး ပြည် သူပိုင် နေအိမ်များ အပေါ် ဗုံးကြဲခဲ့သည့်အတွက် ဘာသာရေးအဆောက်အဦအပါအဝင် အိမ်ခြေ ၄၀ ကျော်လည်း မီးလောင်ပျက်စီးခဲ့ရသည်ဟု ဒေသခံများနှင့် ဒေသအခြေဆိုက် KNDF တာဝန်ရှိသူများက ပြောသည်။

ကရင်နီပြည်နယ်အတွင်း နေ့စဉ်ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် အပြစ်မဲ့ပြည်သူများလည်း တစ်နေရာပြီး တစ်နေရာ ပြောင်းရွှေ့စစ်ဘေးရှောင်နေကြရသည်မှာ နှစ်ကြိမ်ထက်မနည်းရှိနေပြီဟု စစ်ရှောင်များကို အကူ အညီပေး နေသူများက ပြောသည်။