မတ်လ ပထမ ၂ ပတ်အတွင်း ကိုဗစ်-၁၉ ကြောင့် မွန်ပြည်နယ်တွင် ၃၀ ကျော်သေဆုံး
သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၂၂ ခုနှစ်၊ မတ်လ ၁၆ ရက်။
မွန်ပြည်နယ်တွင် မတ်လ ပထမ နှစ်ပတ် အတွင်း ကိုဗစ်-၁၉ အတည်ပြုလူနာ အယောက် ၃၀ နီးပါး သေဆုံးသွား သည်ဟု ကိုဗစ်-၁၉ အရေး ကူညီဆောင်ရွက်ပေးနေသည့် လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့အချို့ထံမှ သိရသည်။
မွန်ပြည်နယ်တွင် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလဆန်းပိုင်းခန့်မှ စတင်ကာ ကိုဗစ်-၁၉ ပိုးတွေ့လူနာများ ပြန်လည်တွေ့ရှိခဲ့ လာပြီး ဖေဖော်ဝါရီလနှင့် မတ်လမှာ ပိုးတွေ့လူနာတွေ့ရှိမှု မြင့်တက်လာခဲ့ရာ သေဆုံးမှုလည်း ဆက်တိုက်ရှိလာခဲ့ ခြင်း ဖြစ်သည်။
ဖေဖော်ဝါရီလအတွင်း အတည်ပြုလူနာ အယောက် ၃၀ ကျော် သေဆုံးမှုရှိခဲ့ပြီး ယခု မတ်လတွင်လည်း သေ ဆုံးလူနာ ၃၀ နီးပါး ရှိနေပြီ ဖြစ်သည်။
”ပြီးခဲ့တဲ့လက စပြီးတော့ ကိုဗစ်လူနာတွေ ဆက်တိုက် ပြန်တွေ့လာတယ်။ အခုလည်း နေ့တိုင်း တွေ့နေတယ်။ သေဆုံးမှုတွေကလည်း ရှိလာတယ်။ ဒီတစ်ခေါက်က အရင်တစ်ခေါက်လောက် မပြင်းပေမယ့် သေဆုံးမှုကတော့ ရှိနေဆဲပါ ပေါ့လို့တော့ မရဘူး” ဟု မော်လမြိုင်မြို့အတွင်း တာဝန်ကျ ဆရာဝန်တစ်ဦးက ပြောသည်။
ကျန်မားရေးဌာန၏ ထုတ်ပြန်ချက်အရ မတ်လ ၁ ရက်နေ့မှ ၁၃ ရက်နေ့ အထိ မွန်ပြည်နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၈၀၀ နီးပါး တွေ့ရှိထားသည်။
သေဆုံး အတည်ပြုလူနာများသည် ရောဂါအခံရှိသည့် သက်ကြီးသူများရှိသလို လူလတ်ပိုင်းများလည်း ပါဝင် သည်ဟု သိရသည်။
ဆေးရုံတွင် တက်ရောက်ဆေးကုသနေသည့် အတည်ပြုလူနာ သေဆုံးမှုရှိနေသည့်အပြင် နေအိမ်တွင် သေဆုံး သည့် အတည်ပြုလူနာများလည်း ရှိနေသည်ဟု လူမှုကယ်ဆယ်ရေးအဖွဲ့အချို့က တာဝန်ရှိသူများ၏ ပြောပြချက် အရ သိရသည်။
ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီလ တစ်လအတွင်း မွန်ပြည်နယ်ထဲတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ ၁၀၀၀ ကျော်ရှိသည်။
ကျန်းမာရေးဌာနမှ ထုတ်ပြန်ထားသည့် ပိုးတွေ့လူနာ အရေအတွက်ထက် မြေပြင်က ပိုးတွေ့လူနာ အရေအတွက် သည် ပိုများနိုင်သည်ဟုလည်း လူမှုကယ်ဆယ်ရေးအဖွဲ့များက ခန့်မှန်းပြောဆိုနေကြသည်။
မွန်ပြည်နယ်တွင် ကိုဗစ်ကူးစက်မှုနှင့် သေဆုံးမှု စံချိန်တင်မြင့်တက်ခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လတွင် တစ်ရက် လျှင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၅၀၀ ကျော်တွေ့ရှိခဲ့သည့်အပြင် သေဆုံးမှုလည်း တစ်ရက်လျှင် အယောက် ၅၀ အထက်ရှိခဲ့သည်။