အုပ်ချုပ်ရေးမှူးရုံး မီးလောင်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ မတ်လ ၁၆ ရက်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ထဲက လယ်ကုန်းရပ်ကွက်၏ အုပ်ချုပ်ရေးမှူးရုံး မီးလောင်မှု ဖြစ်ပွားခဲ့သည်။

မတ်လ ၁၅ ရက်နေ့၊ နံနက် ၄ နာရီခွဲအချိန်ခန့်တွင် မိုင်းပေါက်ကွဲသံ ၂ ချက် ကြားရပြီးနောက် မီးလောင်မှု ဖြစ်ပွား ခဲ့ခြင်းဖြစ်သည်ဟု မြို့ခံအချို့က ပြောသည်။

ရပ်ကွက် အုပ်ချုပ်ရေးဝန်ထမ်းတစ်ဦးက “ဒီနေ့မနက် လေးနာရီခွဲကျော်လောက်က စမီးလောင်တာ။ ဘယ်အဖွဲ့ က ဘယ်သူလုပ်သွားလည်းတော့ မသိဘူး။ လူထိခိုက်တာတော့ မရှိဘူး” ဟု အတည်ပြုပြောဆိုသည်။

မြစ်ကြီးနားမြို့၊ လယ်ကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး မီးလောင်မူကြောင့် မြေစိုက် (၁) ထပ် အဆောက်အဦ အပါ အဝင်၊ ရုံးစာရွက်စာတမ်းများနှင့် ပရိဘောဂများ ပျက်စီးသွားခဲ့သည်ဟု ရပ်ကွက်အတွင်း နေထိုင်သူများက ပြော သည်။

မတ်လ ၁၅ ရက်နေ့ နံနက်အစောပိုင်းက မိုင်းပေါက်ကွဲသံ နှစ်ချက်ကြားရပြီးနောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး မီးလောင်ခဲ့ခြင်းဖြစ်သည်။

သို့သော် အဆိုပါမီးလောင်မှုကို မည်သူမည်ဝါ၊ မည်သည့်အဖွဲ့အစည်းက ပြုလုပ်သွားသည်ကိုမူ မသိရှိရသေးဟု ရပ်ကွက် အုပ်ချုပ်ရေးဝန်ထမ်းများက ဆိုသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် မေလ ၂၃ ရက်နေ့၊ နံနက်၂ နာရီအချိန်ခန့်ကလည်း မြစ်ကြီးနားမြို့၊ နောင်နန်းကျေးရွာအုပ်စု၏ အုပ်ချုပ်ရေးမှူးရုံး မီးလောင်ခဲ့ပြီး မေလ ၂၄ ရက်နေ့ ည ၉ နာရီအချိန်ခန့်တွင် မြေမြင့် ရပ်ကွက် အုပ်ချုပ်ရေးမှုးရုံး မီးလောင်မှု ဖြစ်ပွားခဲ့သေးသည်။