KIA နဲ့ PDF မြစ်ကြီးနားအနီး စုပေါင်း ဂိတ်ကို ဝင်တိုက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ မတ်လ ၁၉ ရက်။
ကချင်ပြည်နယ်၊ မြို့တော် မြစ်ကြီးနားအဝင် မရမ်းကျေးရွာအနီးက စုပေါင်းဂိတ်ကို ကချင် ပူးပေါင်း တပ်ဖွဲ့များက မတ်လ ၁၉ ရက်နေ့ နံနက်ပိုင်း က တိုက်ခိုက်ဖျက်ဆီးခဲ့ပြီးနောက် မွန်းလွဲ ၁ နာရီအချိန်ထိ ခရီးသွားကားများကို ရပ်ခိုင်းထားသည်ဟု သိရ သည်။
မရမ်းကျေးရွာအနီးရှိ ၂၁ မိုင် စုပေါင်းဂိတ်ကို ယနေ့ နံနက် ၄ နာရီဝန်းကျင်အချိန်ခန့်တွင် ကချင်လွတ်လပ်ရေး တပ်မတော် KIA နှင့် KPDF ပူးပေါင်းတပ်ဖွဲ့များက သွားရောက်တိုက်ခိုက်ခဲ့ဖြစ်သည်။
ခရီးသည်တစ်ဦးက “ဒီမနက် ၄ နာရီ ၅ နာရီလောက်မှာ ဖြစ်တယ်လို့ ပြောတယ်။ အခု ဒီကို မနက်ပိုင်း ၁၀ နာရီ လောက်ကတည်းကရောက်တာ။ ကားတွေအကုန်တန်းစီနေတယ်။ လမ်းပိတ်တာမျိုးတော့ မဟုတ်ပေမယ့် ကား တွေကို တားထားတယ်။ မော်ဖောင်းမှာ ကားတွေအကုန်ရပ်ထားရတယ်” ဟု ပြောသည်။
နံနက် ၄ နာရီလောက်မှ စတင်၍ နံနက် ၇ နာရီကျော်အထိ နှစ်ဖက်ကြား အပြန်လှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဟု မြစ်ကြီးနားမြို့များက ပြောသည်။
“ကျနော်တို့က မနက်အစောပိုင်းမှာ အသံအကျယ်ကြီးတွေ အရင်ကြားရတာ။ နောက်တော့ လေယာဉ်သံတွေ ပြန်ကြားရတယ်။ အစတော့ ဘယ်မှာဖြစ်တာလဲပေါ့၊ နောက်မိုးလင်းမှ ဒီ စုပေါင်းဂိတ်လေ ဟို ၂၁ ဂိတ်ပေါ့ အဲ့ မှာ ပစ်ခတ်ကြတာလို့ သိရတာ” ဟု မြစ်ကြီးနားမြို့က အသက် ၃၀ နီးပါးအရွယ်ရှိ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
ယနေ့နံနက် အစောပိုင်းက ဖြစ်ပွားခဲ့သည့် ၂၁ မိုင်ဂိတ် ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်ဘက်က လေယာဉ်ဖြင့် ပြန်လည်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။
ကချင်လွတ်လပ်ရေးအဖွဲ့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက “ဖြစ်တာကတော့ ဒီမနက် ၄ နာရီလောက်မှာ စဖြစ်တာ။ ၆ နာရီလောက်အထိပေါ့။ ၂ နာရီကျော်ကြာတယ်လို့တော့ ပြောလို့ရတာပေါ့။ ဘာကြောင့်တိုက်တာလဲဆိုတာ ရန်သူဟုတ်နေလို့ တိုက်တာပါ။ ရန်သူစခန်း ဖြစ်နေလို့ပါ။ ဟိုစုပေါင်း ဂိတ်တွေ အကုန်လုံးတော့ မီးရှို့ဖျက်စီးလိုက်တာ။ မီးရှို့ဖျက်စီးပြီးမှ အားလုံးပြန်ခေါက်သွားပြီ။ ဟယ်လီကော်ပတာ နှစ် စီးနဲ့ လာပစ်ကူတယ်လို့ ပြောတယ်။ သူတို့ဒီ တိုက်ပွဲဖြစ်တဲ့နေရာရော၊ နောက်စစ်ကူတွေကို လာပစ်တဲ့နေရာမှာ ပါ လေကြောင်းနဲ့ ပစ်ကူပြီးမှ ကူကြတာပေါ့” ဟု ပြောသည်။
KIA နှင့် KPDF ပူးပေါင်းတပ်တို့က ၂၁ မိုင်ရှိ စုပေါင်းဂိတ် စခန်းတဲများကို မီးရှို့ဖျက်စီးပြီးနောက် ပြန်လည်ဆုတ် ခွာခဲ့ရသည်ဟု သိရသည်။
စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာ ရရှိမှု၊ သေဆုံးမှုများ ရှိနိုင်သော်လည်း စာရင်း အတိအကျကို မသိရသေဘူး ဟု ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောသည်။
“ဟိုကျဆုံးတဲ့ ဒဏ်ရာရတဲ့သတင်းတွေတော့ အတိအကျမသိရသေးပါဘူး။ ဒါပေမယ့် မြစ်ကြီးနားဘက်ကနေ ရော၊ နမ္မတီးဘက်ကနေရော လူနာတင်ဖို့ကားတွေ့တော့ အားလုံးအဲ့နေရာမှာ ရောက်ပြီးမှ လူနာတွေတင်သွား တယ်ဆိုတော့ ရပါတယ်။ ဘယ်နှစ်ဦးဆိုတာတော့ အတိအကျမသိရသေးဘူး။ နောက်ပြီး ပြည်သူလုထု သွား ရေးလာရေးတော့ အခက်အခဲရှိတာပေါ့။ ပစ္စည်းရော၊ မှတ်ပုံတင်တွေရော ဖုန်းကအစ စစ်နေတယ်ဆိုတာမျိုး သတင်းတွေရပါတယ်။ ဒီနေ့ဖြစ်တဲ့နေရာတွေမှာ။”
စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် KIA၊ KPDF ပူးပေါင်းတပ်ဖွဲ့တို့အကြား ပစ်ခတ်မှု ဖြစ်ပွား နေချိန်အတွင်း ၂၁ မိုင်ဂိတ်အနီးရှိ မရမ်းအခြေဆိုက် ခလရ ၂၆၀ စစ်တပ်နေကလည်း လက်နက်ကြီးများဖြင့် ပစ် ကူခဲ့သည်ဟု သိရသည်။
ယနေ့ နံနက်ပိုင်းက တိုက်ခိုက်ခံခဲ့ရသည့် ၂၁ မိုင် စုပေါင်းဂိတ်သည် ယခုအကြိမ်နှင့်ဆိုပါက ဒုတိယအကြိမ်ဖြစ် သည်။ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဇွန်လ ၃၀ ရက်နေ့တွင်လည်း အဆိုပါ ၂၁ မိုင်စုပေါင်းဂိတ် တိုက်ခိုက်ခံခဲ့ရသေး သည်။