မွန်ညီညွတ်ရေး ပါတီ ညီလာခံတွင် ဦးဆောင်မှုကို ပြန်လည်ရွေးချယ်မည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ မတ်လ ၂၀ ရက်။

ဦးဆောင်မှုကို ပြန်လည် ရွေးချယ်မည့် မွန်ညီညွတ်ရေးပါတီ၏ ပထမဆုံးအကြိမ် ညီလာခံကို ပါတီဗဟိုရုံးတည်ရှိရာ မော်လမြိုင်မြို့တွင် ၃ ရက်တာ ကျင်းပလျက်ရှိသည်။

ညီလာခံ ၃ ရက်တာ အတွင်း ပါတီတည်ဆောက်ရေး လုပ်ငန်းစဥ်များ ပြန်လည်ဆွေးနွေးသုံးသပ်ခြင်း အပါအဝင် အဓိကအချက် ၄ ချက်ကို ဆွေးနွေးသွားရန်ရှိသည်ဟု ပါတီပြောရေးဆိုခွင့်ရှိသူ နိုင်တလညီ က ပြောသည်။

“အဓိက ကတော့ ၄ ချက်ပေါ့လေ။ တစ်အချက်ကတော့ အစီရင်ခံစာ တင်ပြီးတော့ သုံးသပ် အတည်ပြုတာ။ ၂ ကတော့ ပါတီတည်ဆောက်ရေး ဥပဒေကို သုံးသပ် ပြင်ဆင်ပြီးတော့ အတည်ပြုမယ်။ ၃ ကတော့ ရှေ့လုပ်ငန်း စဥ်အတွက် ဆွေးနွေးမယ်။ ၄ ကတော့ ဗဟိုအဆင့် ပါတီဦးဆောင်သူ အဆင့်ဆင့်တွေကို ရွေးချယ်မယ်။ အဓိက အဲဒီ ၄ ချက်ပေါ့” ဟု နိုင်တလညီ က ပြောသည်။

ပါတီညီလာခံကို မတ်လ ၁၈ ရက်နေ့မှစတင်၍ မတ်လ ၂၀ ရက်နေ့ အထိ ၃ ရက်တိုင် ကျင်းပနေခြင်း ဖြစ်သည်ဟု ပါတီခေါင်းဆောင်များ က ပြောသည်။

ယခုကျင်းပလျက်ရှိသည့် မွန်ညီညွတ်ရေးပါတီ ညီလာခံတွင် ပါတီကိုယ်စားလှယ်များ လေ့လာသူများ စုစုပေါင်း ၂၀၀ ကျော် တက်ရောက်သည်ဟု ပါတီထံမှ သိရသည်။

မွန်ညီညွတ်ရေးပါတီအနေနှင့် စစ်ကောင်စီတွင် ပါဝင်ခဲ့သည့်အပေါ် ဝေဖန်ခံနေရသည့်အပြင် ပါတီတွင်းတွင် လည်း သဘောထားကွဲလွဲမှု ဖြစ်ပေါ်ခဲ့သည်။

မွန်ညီညွတ်ရေးပါတီကို မွန်နိုင်ငံရေးပါတီများ မွန်နိုင်ငံရေးအင်အားစုများဖြင့် ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းခန့်က တည် ထောင်ခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် ဝင်ပြိုင်ခဲ့ကာ မွန်ပြည်နယ်တွင် ဒုတိယအများဆုံး အနိုင်ရရှိထားသည့် ပါတီ တစ်ပါတီ ဖြစ်သည်။