လေပြင်းတိုက်သည့် ရုပ်သံတင်သူအား ဖမ်းဆီး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ မတ်လ ၂၃ ရက်။
ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်တွင် မိုးရွာသွန်းပြီး လေပြင်း တိုက်ခတ်သည့် ရုပ်သံဖိုင်အား Facebook လူမှုကွန် ယက်စာမျက်နှာ ပေါ်တင်သည့် လူငယ်တစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးလိုက်သည်ဟု ဒေသခံများက ပြောသည်။
မအူပင်မြို့ အမှတ် ၅ ရပ်ကွက်တွင် နေထိုင်သည့် အသက် ၃၀ နှစ် အရွယ် ကိုစိုင်းနေမျိုးသန့်ဆိုသူ မတ်လ ၂၀ ရက်နေ့ ညက ဖမ်းဆီးခံလိုက်ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ထိုရပ်ကွက်အတွင်း နေထိုင်သူတစ်ဦးက “ညမှာ စစ်တပ်နဲ့ ရဲတွေက လာဖမ်းသွားတာ” ဟု ပြောသည်။
ကိုစိုင်းနေမျိုးသန့်သည် လေပြင်းတိုက်ခိုက်သည့် နိုင်ငံရေး နှင့် ပတ်သတ်သည့် ပို့စ်များ ရေးသားထားမှုကြောင့် ဖမ်းဆီးရခြင်းဖြစ်သည်ဟု စစ်ကောင်စီလက်အောက်ခံ ရဲအရာရှိ တစ်ဦးက ပြောသည်ဟု မိသားစုနှင့် နီးစပ်သူ များထံမှ သိရ သည်။
မတ်လ ၂၀ ရက်နေ့ ညနေပိုင်းက ကိုစိုင်းနေမျိုးသန့် တင်လိုက်သော မအူပင်မြို့တွင် မိုးရွာလေတိုက်နေသည့် ရုပ်သံဖိုင်အား ဝင်ကြည့်သူ ၆ သောင်းကျော် အထိရှိသွားသည်ဟု အဆိုပါ ရဲအရာရှိက ဆက်ပြောသည်။
သတင်းနှင့် မီဒီယာကွန်ရက်က ဖမ်းဆီးသည့် အကြောင်းရင်းကို သီးခြား အတည်ပြုနိုင်ခြင်းမရှိပါ။
ဖမ်းဆီးခံရသူ ကိုစိုင်းနေမျိုးသန့်ကို မအူပင်မြို့မရဲစခန်းတွင် စစ်ဆေးမှုများ ပြုလုပ်နေပြီး မတ်၂၂ ရက်နေ့ အထိ ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးဘူးဟု ဒေသခံများက ဆိုသည်။
ပြီးခဲ့သည့် မတ်လ ပထမအပတ် အတွင်းက မအူပင်ခရိုင်အတွင်းရှိ စစ်ကောင်စီတပ်က ဗိုလ်ချုပ်မှူးကြီး နှင့် စစ် ကောင်စီ အဖွဲ့အား ထိခိုက်ဆန့်ကျင်သည့် ပို့စ်များအား Facebook တွင် ရေးသားသူများကို ရှာဖွေဖမ်းဆီး ရန် လည်း ညွှန်ကြားထားသည်ဟု မအူပင်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးနှင့် နီးစပ်သူအချို့ထံမှ သိရသည်။