KNC ဥက္ကဌ ဒေါက်တာ Mကောန်လကို ထောင်ဒဏ် ၂ နှစ်ချ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်? မတ်လ ၂၃ ရက်။
ကချင်အမျိုးသား ကွန်ဂရက် ပါတီ KNC ဥက္ကဋ္ဌ ဒေါက်တာ Mကောန်လ ကို စစ်ကောင်စီက ထောင်ဒဏ် ၂ နှစ် ချ မှတ်လိုက်သည်။
မတ်လ ၂၃ ရက်နေ့ (ယနေ့) ရုံးချိန်းတွင် နေပြည်တော်ရှိ ဇမ္ဗူသီရိ တရားရုံးက ထိုသို့ အမိန့်ချလိုက်ခြင်း ဖြစ် သည်ဟု KNC ပါတီ အထွေထွေ အတွင်းရေးမှူး ဦးဇယ်ဇောင်းက ပြောသည်။
ဦးဇယ်ဇောင်းက “ဒီနေ့ ၂ နှစ် ၂ နှစ် ချလိုက်တာပေါ့ သူ့ကို နေပြည်တော် ဇမ္ဗူသီရိ တရားရုံးကပဲချတာ။ ၅၀၅-က ပေါ့နော်။ အဲဒါနဲ့ တရားစွဲဆိုပြီးကျတာ။ ဒါပါတီရဲ့ ခေါင်းဆောင်ကို ၂ နှစ်လောက်ကို ချလိုက်တဲ့ အခါ ကျတော့ ပါတီအတွက်လည်း အရမ်းနစ်နာတယ်။ ကျနော်တို့ ကချင်ပြည်သူလူထုအတွက်လည်း နစ်နာတာပေါ့ နော။ အဓိက ကျနော်တို့ မြန်မြန် လွတ်လာစေချင်တယ် လေနော။ ကျနော်တို့ စိတ်မကောင်းဘူးလေနော်။ ပါ တီအနေနဲ့လည်း” ဟု ပြောသည်။
ဒေါက်တာ M ကောန်လ ကို စစ်ကောင်စီက ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့က နေပြည်တော်တွင် ဖမ်းဆီးကာ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုခဲ့ပြီး ၇ လကျော်အကြာ မတ်လ ၂၃ ရက်နေ့ (ယနေ့) ၅ ကြိမ်မြောက် ရုံးချိန်းတွင် ထောင်ဒဏ် ၂ နှစ်ချမှတ်လိုက်ခြင်း ဖြစ်သည်။
ဦးဇယ်ဇောင်းက “အဓိကတော့ ဒီ KPPF ပေါ့နော အဲဒါနဲ့ပဲထင်တယ်။ ဆရာကောန်လ လုပ်ဆောင်တာကျတော့ အရမ်းကြီး မကြီးလေးတဲ့အမှု မဟုတ်ဘူးလေနော်။ အဲဒါကို ၂ နှစ်လောက်ထောင်ချတယ်ဆိုတော့ ဒါ မကောင်း ဘူးလေနော်။ တရားမျှတမှု နည်းနည်း အားနည်းတယ်လို့ ကျနော်တို့ မြင်တယ်ပေါ့လေနော်” ဟု ပြောသည်။
ဒေါက်တာ M ကောန်လသည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် ကချင်နိုင်ငံရေးပါတီ အချို့က ခေါင်းဆောင်များ၊ တသီးပုဂ္ဂလ ကချင်အရေး တက်ကြွ လှုပ်ရှားသူများ ပါဝင်သည့် ကချင်ပြည်သူ့နိုင်ငံ ရေးရှေ့ဆောင်အဖွဲ့ (Kachin People’s Political Front-KPPF) အဖွဲ့ ကို ဦးဆောင်ဖွဲ့စည်းခဲ့သည်။
အဆိုပါ အဖွဲ့ကို ဖွဲ့စည်းပြီးနောက် ၎င်း တို့၏ နိုင်ငံရေး ရပ်တည်ချက်၊ ရည်မှန်းချက်များနှင့် ပတ်သက်သည့် သဘောထားများကို ဆက်တိုက်ဆိုသလို ထုတ်ပြန်ပြောဆိုလာသည့် နောက်ပိုင်းတွင် စစ်ကောင်စီ၏ ဖမ်းဆီးခြင်း ကို ခံခဲ့ရသူဖြစ်သည်။
ဒေါက်တာ M ကောန်လ တရားစွဲဆို ထောင်ချခံရသည့် နိုင်ငံတော် အကြည်ညို ပျက်စေမှု ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ (က) သည် စစ်တပ်က အာဏာသိမ်းပြီးနောက် ပြင်ဆင်ဖြည့်စွတ်ထားသည့် ပုဒ်မတစ်ခုဖြစ်ပြီး ထို ပုဒ် မအရ မည်သူကိုမဆို နိုင်ငံသားတစုကို ဖြစ်စေ၊ ပြည်သူလူထုကိုဖြစ်စေ ထိတ်လန့်စေလျှင် (သို့) ထိတ်လန့် စေရန် ကြံရွယ်လျှင်၊ မမှန်ကန်ကြောင်း ကြိုတင်သိရှိလျှက် မမှန်သတင်းများ ဖြန့်ဝေမှု ပြုလုပ်လျှင် (သို့) ဖြန့်ဝေရန် ကြံ ရွယ်လျှင်၊ အစိုးရဝန်ထမ်း တစ်ဦးဦးကို ဖြစ်စေ၊ အစိုးရဝန်ထမ်းတစ်ဖွဲ့ဖွဲ့ကိုဖြစ်စေ၊ အစိုးရဝန်ထမ်းများကိုဖြစ်စေ ပြစ်မှုကျူးလွန်စေရန် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ ပြုလုပ်လျှင် (သို့) ထိုသို့ ကျူးလွန်စေရန် ကြံရွယ် လျှင် (သို့) လှုံ့ဆော်လျှင် ထောင်ဒဏ် ၃ နှစ် အထိ ချမှတ်နိုင်သည့် ပုဒ်မဖြစ်သည်။
အဆိုပါ ပုဒ်မ ၅၀၅-က သည် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပြင်ဆင်ဖြည့်စွက်လိုက်သည့် ပုဒ်မတစ်ခု လည်း ဖြစ်သည်။
ဒေါက်တာ M ကောန်လကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက နေ ပြည်တော်တွင် ရှိသည့် ၎င်း၏ ဆေးခန်းတွင် ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ယခုကဲ့သို့ ထောင်ဒဏ်ချမှတ် ခံ လိုက်ရခြင်း ဖြစ်သည်။
ဒေါက်တာ Mကောန်လ သည် ကချင်အမျိုးသားကွန်ဂရက် (KNC) ပါတီ ဥက္ကဋ္ဌဖြစ်ပြီး ၎င်းအနေဖြင့် ၂၀၁၅ ခုနှစ် နှင့် ၂၀၂၀ ပြည့်နှစ်တို့တွင် ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူဖြစ်သည်။
ဓါတ်ပုံ – KNC ပါတီ