ကျိုက်မရော ရဲကင်းဂိတ် ပစ်ခတ်ခံရပြီးနောက် စစ်ဆေးမှု တင်းကြပ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ မတ်လ ၂၄ ရက်။
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်း ရဲကင်းဂိတ် စခန်းတစ်ခုကို ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် စစ်ဆေးမှုများ တင်းကြပ်လာသည်ဟု ဒေသခံခရီးသွားပြည်သူများက ပြောသည်။
ချောင်းနှစ်ခွတံတား ရဲကင်းဂိတ်စခန်းကို မတ်လ ၁၉ ရက်နေ့က ပစ်ခတ်မှုဖြစ်ပွားပြီးနောက် တံတား ဖြတ်သန်းသွားရာတွင် စစ်ဆေးမှုများ တင်းကြပ်နေခြင်း ဖြစ်သည်။
“တံတားမှာ ပစ်ခတ်မှု ဖြစ်ပြီးနောက်မှာ စစ်ဆေးမှုက ပိုကြပ်လာတယ်။ ဖြတ်သွားဖြတ်လာသမျှ ဆိုက်ကယ် တွေ ကားတွေ အကုန်ရပ်ခိုင်းပြီးစစ်တယ်၊ ဆိုင်ကယ်ဆိုရင် ဘောက်ဖွင့်ပြီး စစ်တယ်။ အထုတ်တွေပါလာရင် ဖွင့်ခိုင်းပြီး စစ်တယ်” ဟု ဒေသခံ ခရီးသွားတစ်ဦး က ပြောသည်။
ချောင်းနှစ်ခွတံတား ရဲကင်းဂိတ်စခန်းကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က မတ်လ ၁၉ ရက်နေ့တွင် လာရောက် ပစ် ခတ် တိုက်ခိုက်ခဲ့ရာမှ အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးကာ နှစ်ဦး ထိခိုက် ဒဏ်ရာရ ရှိသည်ဟု ဒေခံသများက ပြောသည်။
အဆိုပါ ပစ်ခတ်မှုဖြစ်ပွားသည့်နေ့တွင် တံတားကို ဖြတ်သန်းသွားလာခွင့်ကို ယာယီပိတ်ထားခဲ့ပြီး နောက်နေ့တွင် တံတားဖြတ်သန်းသွားလာသူများကို ရှာဖွေ စစ်ဆေးမှုများ တင်းကြပ်စွာ လုပ်ဆောင်လာသည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
တံတားတွင် စစ်ဆေးမှု တင်းကြပ်နေသည့်အတွက် ခရီးသွားများ အချိန်ကြန့်ကြာမှုများနှင့် ကြုံတွေ့နေရသည့် အပြင် အချို့ကလည်း ခရီးသွားလာရန် စိုးရိမ်ထိတ်လန့်နေကြသည်ဟု ဒေသခံတစ်ဦးက ဆက်ပြောသည်။
ချောင်းနှစ်ခွတံတားသည် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ဘက်ခြမ်းနှင့် မွန်ပြည်နယ် မုဒုံမြို့နယ် ဘက် ခြမ်း လမ်းပိုင်းကို ဆယ်သွယ်ထားသည့် တံတားဖြစ်သည်။
ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှ ပြည်သူများ အဓိက အားထားသွားလာနေရသည့် ချောင်းနှစ်ခွတံတားပေါ် နေ့စဥ် ကားနှင့် ဆိုင်ကယ် ရာနှင့်ချီ ဖြတ်သန်းသွားလာနေသည်ဟုလည်း ဒေသခံများက ဆိုသည်။