ဖျာပုံတွင် စစ်ဆေးရေးဂိတ် ဗုံးပေါက်ကွဲ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ မတ်လ ၂၈ ရက်။

ဧရာဝတီတိုင်း၊ ဖျာပုံမြို့ချောင်းတွင်း စစ်ဆေးရေးဂိတ်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

မတ်လ ၂၇ ရက်နေ့၊ နံနက် ၆ နာရီအချိန်ခန့်က ဗုံးပေါက်ကွဲမှု ဖြစ်ပွါးခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

အဆိုပါ ပေါက်ကွဲမှုသည် “ပေါက်ကွဲတာ တော်တော်ပြင်းတယ်။ စစ်ဆေးရေးဂိတ်ထဲမှာ ဘယ်သူမှ မရှိတဲ့အချိန် ပေါက်တာဆို သူတို့ကံကောင်းသွားတယ်” ဟု ရဲတပ်ဖွဲ့ နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ပေါက်ကွဲမှုကြောင့် စစ်ဆေးရေး ဂိတ်အရှေ့ရှိ သဲအိတ် ဘန်ကာများ ပြိုလဲခဲ့ပြီး ဂိတ်အထဲရှိ ထိုင်ခုံနှင့် ပစ္စည်းများ လည်း ပျက်စီးသွားခဲ့သည်ဟု ဖျာပုံရဲတပ်ဖွဲ့ နှင့် နီးစပ်သူများထံမှ သိရသည်။

ပေါက်ကွဲမှုဖြစ်ပွားသည့် ချောင်းတွင်း စစ်ဆေးရေးဂိတ်သို့ ဖျာပုံမြို့ အထိုင်တပ် ခလရ ၉၈ တပ်ရင်းမှူးနှင့် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆောင်သည့် စစ်ကောင်စီ၏ တပ်ဖွဲ့က လာရောက်စစ်ဆေးသည်ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူက ဆက်ပြောသည်။

ထို့နောက် မှတ်တမ်းဓာတ်ပုံများ ရိုက်ယူပြီး CCTV မှတ်တမ်းများကို သိမ်းဆည်းကာ စစ်ဆေးရေးဂိတ်များတွင် ဖုန်း လိုင်းမမိစေရန် လိုင်းဖြတ်တောက်သည့် (Jam mer- ဆက်သွယ်ရေးစနစ်ကို ဖြတ်တောက်သည့်စက်)အား လာ ရောက်တပ်ဆင်ထားမည်ဟု တပ်ရင်းမှူးက ပြောသွားကြောင်း အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦးက “တပ်ရင်းမှူး ကအဲ့ဂိတ်မှာ တာဝန်ကျတဲ့တပ် ဖွဲ့က စစ်သားတွေကို ဆဲဆိုကြိမ်း မောင်းသွားတယ်” ဟု ပြောသည်။

ချောင်းတွင်း စစ်ဆေးရေးဂိတ် တာဝန်ကျသည့် စစ်ကောင်စီတပ်ဖွဲ့မှာ ဖျာပုံမြို့ အထိုင်တပ် ခလရ ၉၈ တပ်ရင်းမှ မဟုတ်ဘဲ မော်လမြိုင်ကျွန်းမြို့ မှလာရောက်တွဲဖက်ထား သည် ခလရ ၅၃၄ တပ်ရင်း ကဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်က သိမ်းဆည်းသွားသည့် CCTV မှတ်တမ်းအရ ဖျာပုံမြို့တွင် ဖမ်းဆီးမှုများ ရှိလာနိုင်သဖြင့် သိမ်း ကျုံးဖမ်းဆည်းခံရမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။