မင်းကင်း စစ်ရှောင်ကလေးများ ဝမ်းပျက်ရောဂါ ခံစားနေရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ မတ်လ ၃၁ ရက်။

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့ ကလေးဝ-ယာကြီးလမ်းဘေးရှိ ကျေးရွာပေါင်း ၈ ရွာက ဒေသခံ ၇,၀၀၀ ကျော်သည် စစ်ကောင်စီတပ်များ တပ်စွဲထားသဖြင့် တပတ်ကြာလာသည်အထိ နေရပ်မပြန်နိုင်သေးပဲ စစ်ဘေးရှောင်နေရပြီး ကလေး အယောက် ၄၀ ခန့်လည်း ဝမ်းပျက်ရောဂါဖြစ်နေသည်ဟု အကူအညီပေးနေသူများ က ပြောသည်။

စစ်ကောင်စီတပ်များနှင့် PDF တပ်ဖွဲ့များသည် မတ်လ ၂၃ ရက်က ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ရွာသားများ သည် တောတောင်များထဲတွင် တိမ်းရှောင်နေရခြင်းဖြစ်ပြီး၊ လက်ရှိအချိန်ထိလည်း စစ်တပ်က ကျေးရွာများတွင် တပ်စွဲထားပြီး တောနင်းရှာဖွေခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းများကြောင့် နေရပ်ပြန်ရန် ခက်ခဲနေ ခြင်း ဖြစ်သည်ဟု သိရသည်။

“ထွက်ပြေးလာကတည်းက မုန့်ထုပ်လေးတစ်ထုပ်ပါတယ်။ တောထဲအိပ်ကြရတယ်။ မိုးတွေကရွာ။ မိုးကာက မပါ နဲ့။ သစ်ပင်အောက် ကျောက်တုံးအောက်တွေ ဝင်အိပ်ကြရတယ်။ ဆန်ကလည်း ပြေးလာတဲ့ သူဆီကနေ ချေးထား တယ်၊ မလောက်တော့လို့” ဟု ကုန်းမော်ဒေသခံ စစ်ရှောင်အမျိုးသမီးတစ်ဦး က ပြောသည်။

စစ်ကြောင်းထိုးချိန် ရုတ်တရက် ထွက်ပြေးကြရသဖြင့် တပတ်ခန့် ကြာလာသည့်အခါ သောက်သုံးရေ၊ အစား အသောက်၊ ဆေးဝါများ၊ အပူဒဏ်နှင့် မိုးအတွက် အမိုးအကာများ လိုအပ်နေသည်ဟု ကူညီပေးနေသူ တစ်ဦးက ပြောသည်။

ထွက်ပြေးတိမ်းရှောင်နေကြရသည့် ကျေးရွာများမှာ ကျော်ရွာ၊ မယ်မဲ၊ ပျားတုန်း၊ ဆိတ်သာ၊ ထုံးကြီး၊ ဝင်ဝ၊ ကုန်း မော်နှင့် ကျော်မော်ကျေးရွာများ ဖြစ်သည်။

စစ်ဘေးရှောင်များထဲတွင် ကျန်းမားရေးမကောင်းသူအချို့အပြင် ကလေးသူငယ်များလည်း ပါဝင်နေပြီး ကလေး ငယ်အယောက် ၄၀ ခန့် ဝမ်းပျက်၊ ဝမ်းလျှော ဖြစ်နေကြသည်ဟု အသက် ၃၀ အရွယ် အကူအညီ ပေးနေသူ တစ်ဦး က ပြောသည်။

“ရေက ဖက်ရွက်တွေကြားက ခပ်ရတယ်။ မသန့်ဘူး။ ဒါကို အားလုံးသောက်ကြရတယ်။ ဝမ်းလျောတာတွေ ဖြစ် လာတယ်။ အဲ့ဒီထဲက သုံးလေးယောက်က တော်တော်အခြေအနေ ဆိုးတယ်။ ဝမ်းကတစ်ညလုံးကို သွားနေတာ။ ဆေးဝါးကလည်း ကောင်းကောင်းမရှိဘူး” ၎င်းက ပြောသည်။

မင်းကင်းမြို့နယ်၊ ကလေးဝ-ယာကြီးလမ်းတွင် စစ်ကောင်စီတပ်ဖွဲ့များနှင့် ဒေသကာကွယ်ရေးတပ်များ အကြား မတ် ၂၃ ရက်နေ့၊ ၂၆ ရက်နေ့၊ ၂၈ ရက်နေ့ သုံးရက်တိုက်ပွဲဖြစ်ပွားခဲ့သည်။

ထိုတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၇ ဦး သေဆုံးခဲ့ပြီး ဒေသကာကွယ်ရေးတပ်ဘက်က ၂ ဦး ကျဆုံးခဲ့ သည်ဟု မင်းကင်း၊ တောင်တွင်း PDF ပြန်ကြားရေး တာဝန်ခံက အတည်ပြုပြောသည်။

မတ်လ ၃၀ ရက်နေ့တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကလေးဝ၊ ယာကြီးလမ်းအတိုင်း အင်အား ၁၀၀ ခန့် ထပ်ရာက်လာပြီး၊ တောနင်းရှာဖွေနေခြင်းကြောင့် စစ်ရေးအခြေအနေက ဆက်တင်းမာနေသည်ဟု ဒေသကာ ကွယ်ရေးတပ်တာဝန်ရှိသူ တစ်ဦး က ပြောသည်။

ကလေးဝ-ယာကြီးလမ်းကို အသုံးမပြုကြရန်နှင့် ဒေသခံပြည်သူများ လုံခြုံသည့် နေရာကို ပြောင်းရွှေ့နေထိုင်ကြ ရန်လည်း တောင်တွင်း PDF က မတ် ၂၃ ရက်နေ့ကတည်းက မေတ္တာရပ်ထားသည်ဟု သိရသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာမသိမ်းခင်က လူဦးရေ ၃သိန်း ၇သောင်း၊ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ် တပ်က အာဏာသိမ်းပြီးနောက် လူဦရေ ၅သိန်းကျော် စုစုပေါင်းလူဦးရေ ၈၈,၉၉၀၀ သည် တိုက်ပွဲများ ကြောင့် စစ်ဘေးရှောင်နေရသည်ဟု ကုလသမဂ္ဂလူသားချင်း စာနာမှုဆိုင်ရာ ပေါင်းစပ်ညိနှိုင်းရေးရုံး- United Nations OCHA Myanmar အဖွဲ့က မတ်၂၃ ရက်နေ့က ထုတ်ပြန်ထားသည်။

ဓါတ်ပုံ – ၂၀၂၁ ဇန္နဝါရီလ ၃၀ ရက်နေ့က မင်းကင်း စစ်ဘေးရှောင်ပြည်သူများကို တွေ့မြင်ရစဉ် (ပုံဟောင်း)