ထားဝယ်လမ်းတွင် ဆီဘောက်ဆာ နှစ်စီး မီးရှို့ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဧပြီလ ၃ ရက်။

မြန်မာနိုင်ငံတောင်ပိုင်း ထိုင်းနယ်စပ်အနီး ထားဝယ်-ထီးခီးလမ်းပိုင်းတွင် ဆီဘောက်ဆာ ကား ၂စီး မီးရှို့ခံရသည်ဟု ဒေသခံများက ပြောသည်။

ထားဝယ်မြို့နယ်၊ ပကာရီကျေးရွာအုပ်စု၊ ထားဝယ်-ထီးခီးလမ်းမကြီးပေါ်ရှိ ရမ္မဇူကျေးရွာနှင့် လိပ်ကြယ် ပြောင် ကျေးရွာအကြား ဧပြီ ၁ ရက်နေ့၊ နေ့လည် ၁၂ နာရီ အချိန်ခန့်က ဆီဘောက်ဆာ ကားနှစ်စီးမီးရှို့ခံခဲ့ရသည် ဟု ဒေသခံများကပြောသည်။

အသက် ၃၅ နှစ်အရွယ် ဒေသခံရွာသားတစ်ဦးက “စစ်တပ်က ထီးခီးကနေ လေယာဉ် ဆီသယ်မယ်လို့ သတင်း ကြားနေရတာကြောင့် ထင်တယ်။ လုံခြုံရေးပါတာတော့ မတွေ့ဘူး” ဟု ပြောသည်။

မီးရှို့ဖျက်ဆီး ခံလိုက်ရသည့် အဆိုပါ ဆီဘောက်ဆာ ကား ၂ စီးသည် မေတ္တာမြို့ဘက်မှ ထားဝယ်မြို့ဘက်သို့ မောင်းနှင်လာသည့် ကားများ ဖြစ်သည်ဟု သိရသည်။

ထို ဆီဘောက်ဆာကား ၂စီး၏ အနောက်ဘက်တွင် LP Gas ရေနံဓာတ်ငွေ့ရည် ဟု ရေးသားထားပြီး ကားမောင်း လာသည့် ယာဉ်မောင်းနှစ်ဦးကလည်း ထွက်ပြေးသွားသည်ဟု ဒေသခံ ရွာသားတစ်ဦးက ပြောသည်။

ဆီဘောက်ဆာကားများ မီးရှို့ဖျက်ဆီးခံခဲ့ရသည့် ဖြစ်စဉ်ကို မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့သည်ကိုမူ လတ်တလော အချိန်ထိ မသိရှိရသေးပေ။

အဆိုပါ ဆီဘောက်ဆာကားများ မီးရှို့ဖျက်စီးခံရသည့် အနီးရှိ ရမ္မဇူကျေးရွာကို အခင်းဖြစ်ပွားခဲ့သည့် ဧပြီလ ၁ ရက်နေ့ ညနေပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂၀ ခန့်ရောက်ရှိလာပြီး စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ သည်ဟု ဒေသခံများက ပြောသည်။