အုပ်ချုပ်ရေးမှူးနှင့် ဖခင်ဖြစ်သူ ပစ်သတ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဧပြီလ ၃ ရက်။

လောင်းလုံတွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး သားအဖ နှစ်ဦး ပစ်သတ်ခံလိုက်ရသည်။

ထားဝယ်ခရိုင် လောင်းလုံမြို့နယ်အတွင်းရှိ မြို့ဟောင်းကျေးရွာနှင့် ဖွားဘုတ်ပြင်ကျေးရွာတို့တွင် နေထိုင်သည့် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနှင့် ၎င်း၏ဖခင်ဖြစ်သူတို့ ဧပြီ ၁ ရက်နေ့၊ နေ့လည်ပိုင်းက သေနတ်ဖြင့် ပစ်သတ် ခံခဲ့ရသည်ဟု ဒေသခံရွာသားများက ပြောသည်။

“လူငယ် ၃ ယောက် ဆိုင်ကယ် ၂စီးနဲ့ လာပစ်သွားကြတာလို့သိရတယ်။ ဘယ်သူတွေလဲတော့ မသိဘူး။ နေရာ မှာတင် ပွဲချင်းပြီးသေသွားတယ်” ဟု အခင်းဖြစ်ပွားခဲ့သည့် နေရာတွင် သွားရောက်ကြည့်ရှုခဲ့သူ အသက် ၃၀ နှစ် အရွယ် မြို့ဟောင်းရွာသားတစ်ဦးက ပြောသည်။

စစ်ကောင်စီခန့် သာဂရမြို့ဟောင်း (ခ) မြို့ဟောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး အသက် ၅၀ နှစ် အရွယ်ခန့် ရှိသူ ဦးကိုကိုမောင် သည် နေ့လည် ၁၂နာရီခွဲ အချိန်ခန့်က ဆိုင်ကယ်ဖြင့် ထားဝယ်မြို့မှအပြန် ရွာအဝင် ဆိုင်းဘုတ် အနီးတွင် သေနတ်ဖြင့် ပစ်သတ်ခံရခြင်းဖြစ်သည်။

ဦးကိုကိုမောင် သေနတ်ဖြင့် အပစ်ခံရပြီး နာရီဝက်ခန့်အကြာတွင် လောင်းလုံးမြို့နယ် စခန်းကြီးကျေးရွာအုပ်စု ဖွားဘုတ်ပြင်ကျေးရွာတွင် နေထိုင်သူ ၎င်း၏ ဖခင်ဖြစ်သူ အသက် ၈၅ နှစ် အရွယ် ဦးရွှေဦး လည်း နေအိမ်အရှေ့ တွင် ထိုင်နေစဉ် သေနတ်ဖြင့် ၁၀ ချက်နီးပါးခန့် ပစ်ခတ်ခံရပြီးနောက် သေဆုံးသွားသည်ဟု ဒေသခံများက ပြော သည်။

ဦးရွှေဦးသည် လောင်းလုံးမြို့နယ် အခြေစိုက် ခလရ (၁၀၄) တပ်ရင်းမှ အငြိမ်းစားယူခဲ့သည့် အရာခံ ဗိုလ်တစ်ဦး ဖြစ်ပြီး ၁၉၈၉-၁၉၉၀ ခုနှစ်ဝန်းကျင် စစ်အစိုးရလက်ထက်တွင် ရေဖြူမြို့နယ်၏ မြို့နယ် ငြိမ်ဝပ်ပိပြားမှု တည် ဆောက်ရေးအဖွဲ့ (မဝတ) ဒု-ဥက္ကဋ္ဌ အဖြစ်လုပ်ကိုင်ခဲ့ဖူးသူ ဖြစ်သည်ဟု သိရသည်။

အပစ်ခံရသူ သားအဖနှစ်ဦးစလုံးကို Dawei Guerrilla Revolutionary Force-DGRF နှင့် Laung Lone People Defence Force-LLPDF တို့အဖွဲ့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ၎င်းပူးပေါင်းအဖွဲ့က ဧပြီလ ၁ ရက်နေ့၊ ညပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

အဆိုပါ သတင်းထုတ်ပြန်ချက်ထဲတွင် ဦးကိုကိုမောင်သည် စစ်ကောင်စီကို ထောက်ပံ့ ကူညီနေသူဖြစ်ပြီး ဖခင် ဖြစ်သူ ဦးရွှေဦး ကလည်း နေအိမ်ခြံဝန်းအတွင်း လောင်းကစားဝိုင်းထောင်ကာ စစ်ကောင်စီကို ဘဏ္ဍာငွေ ရှာပေး နေသူ ဖြစ်သည်ဟု ထည့်သွင်းဖော်ပြထားသည်။

ဓါတ်ပုံ – အုပ်ချုပ်ရေးမှူးဦးကိုကိုမောင်၏ ပုံ