ခဲမိုင်း ပြိုကျ၊ ပြည်တွင်း ရွေ့ပြောင်း အလုပ်သမား ၅ ဦး သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဧပြီလ ၃ ရက်။
တနင်္သာရီမြို့နယ် အတွင်း ခဲမိုင်းအတွင်းပြိုကျပြီး အလုပ်သမား ၅ ဦး သေဆုံးသွား သည်ဟု ရွာသားများက ပြောသည်။
ဧပြီလ ၁ ရက်နေ့က ရုတ်တရက်မိုးသည်းထန်စွာ ရွာသွန်းခဲ့သည့်အတွက် သဘော့လိပ်ကျေးရွာရှိ ခဲသတ္တုမိုင်းအတွင်း လုပ်ကွက်တွင် မြေစာပုံပြိုကျခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
ခဲမိုင်းတွင်း လုပ်သားတစ်ဦးက “မိုးများတော့ တောင်အခြေမှာ ပုံထားတဲ့မြေစာတွေ အိကျပြီး ပြိုကျတာ။ ရုတ် တရက် ဖြစ်တာဆိုတော့ ကယ်ဖို့အချိန်မရလိုက်ဘူး။ သေဆုံးသူတွေက အသက် ၂၅ ကနေ ၄၀ ဝန်းကျင် အရွယ် တွေ” ဟု ပြောသည်။
ဧပြီ ၁ ရက်နေ့၊ ညနေ ၃ နာရီ အချိန်ခန့်က ခဲမိုင်းတွင်း မြေစာပုံပြိုကျပြီး ခဲသတ္တုမိုင်း အလုပ်သမား၅ ဦး သေဆုံး ခဲ့ခြင်း ဖြစ်သည်။
ယခင်က မြေစာပြိုကျမှုများရှိခဲ့သော်လည်း ယခုကဲ့သို့ လူအစုလိုက်အပြုံလိုက် သေဆုံးသည့် ဖြစ်စဉ်မျိုး မရှိခဲ့ ဟု ဒေသခံရွာသားများနှင့် ခဲသတ္တုမိုင်းတွင်း လုပ်သားအချို့က ပြောသည်။
မြေစာပုံပြိုကျမှုကြောင့် သေဆုံးသွားသူများသည် အသက် ၂၅ နှစ်မှ ၄၀ နှစ်အတွင်းရှိ အမျိုးသားများဖြစ်ကြပြီး တနင်္သာရီဒေသခံများမဟုတ်ကြောင်း သဘော့လိပ် ရွာသားများက ပြောသည်။
မြေစာပုံပြိုကျမှုကြောင့် သေဆုံးခဲ့သူ အမျိုးသား ၅ ဦးသည် ပဲခူးတိုင်း ရွှေကျင်မြို့နယ်ဘက်မှ သဘော့လိပ် ခဲမိုင်းတွင် လာရောက် အလုပ် လုပ်ကိုင်နေသူများဖြစ်သည်ဟု သိရသည်။
တနင်္သာရီမြို့နယ်ထဲတွင် ကြိမ်ချောင်းခဲမိုင်းနှင့် သဘော့လိပ်ခဲမိုင်းဟူ၍ ခဲမိုင်းတွင်း ၂ တွင်း ရှိသည်ဟု ဒေသခံများ က ပြောသည်။