ကမ်းဝေး ငါးဖမ်း ပိတ်ခြင်း တစ်လစော စတင်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဧပြီလ ၃ ရက်။
မြိတ်မြို့နယ်တွင် ငါးသားပေါက်ကာလ ငါးဖမ်းခွင့် ပိတ်ခြင်းကို ယခုနှစ် တွင် တစ်လစော၍ စတင်လိုက်သည်။
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ကမ်းဝေးငါးဖမ်းစက်လှေများကို ငါးဖမ်းခွင့် သုံးလပိတ်လိုက်ခြင်း ဖြစ်သည်။
ငါးလုပ်ငန်းဦးစီးဌာန၏ ငါးသားပေါက်ရာသီ ၃ လ ငါးဖမ်းခွင့်တားမြစ်ချက်ကို မတ်လ ၃၁ ရက်နေ့မှ စတင်လိုက်ခြင်းကြောင့် ကမ်းဝေးငါးဖမ်းစက်လှေများ ကမ်းသို့ ဝင်လာပြီဟု ငါးဖမ်း လုပ်ငန်းပိုင်ရှင်များက ပြောသည်။
နှစ်စဉ် ငါးလုပ်ငန်းဦးစီးဌာန၏ ငါးသားပေါက်ရာသီ ၃ လကို ငါးဖမ်းခွင့်တားမြစ်ချက် အဖြစ် သတ်မှတ်ထားခြင်း ဖြစ်သည်။
ယခင်နှစ်က မေ၊ ဇွန်၊ ဇူလိုင် သုံးလကို ငါးဖမ်းခြင်းမပြုရန် သတ်မှတ်ထားခဲ့ပြီး ယခုနှစ်ငါးမဖမ်းရရာသီ ၃ လ ကို မူ ရှေ့တစ်လတိုး၍ ဧပြီ၊ မေ၊ ဇွန်လ သုံးလအား သတ်မှတ်ထားသည်ဟု တိုင်းငါးလုပ်ငန်းဦးစီးဌာန၏ ထုတ်ပြန် ချက်တွင် ပါရှိသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ငါးမဖမ်းရကာလမှ မတ်လ ၃ ရက်နေ့ကတည်းက ဧပြီ လမှ စတင်ကာ ပိတ်သိမ်းရန် ထုတ်ပြန်ကြေငြာထားခြင်းဖြစ်သည် ဟုလည်း သိရသည်။
ကမ်းဝေးငါးဖမ်း လုပ်ငန်းများဖြစ်သည့် ဒရွတ်ဆွဲပိုက် (ဝါးလပ်)၊ ဘုံကျောင်းကျားပိုက်၊ စိမ်ပိုက်၊ ငါးမျှားတန်း နှင့် မြုံးငါးဖမ်းလှေများကို ဧပြီလမှ စတင် ပိတ်သိမ်းရမည်ဖြစ်ပြီး ရာသီအလိုက် လုပ်ကိုင်ရသည့် အင်္ဂလန်ကျား ပိုက် လုပ်ငန်း၊ ကင်းမွန်ပိုက်လုပ်ငန်းနှင့်ဝါးတန်း (ဝိုင်းချုပ်ပိုက်) လှေများကိုမူ ဧပြီလကုန်အထိ ၁လတိုးခွင့်ပြုထား သည်။
မြိတ်မြို့ပေါ်က အသက် ၅၀ ကျော် အရွယ် ရေလုပ်ငန်းရှင်တစ်ဦးက “တချို့ငါးဖမ်းလှေတွေက စက်သုံးဆီဈေး ကြီးမြင့်တာနဲ့ ငါးဖမ်းရရှိမှု နည်းပါးလို့ ပြန်ရတဲ့ငွေနဲ့ မကိုက်ညီတော့ အရှုံးပေါ်နေတာကြောင့် မတ်လ ၁၅ ရက် နေ့ လောက်ထဲက တချို့လှေတွေ ကမ်းဝင်နေကြရတယ်” ဟု ပြောသည်။
ကမ်းဝေး ဒရွတ်ဆွဲပိုက် (ဝါးလပ်) ငါးဖမ်းလှေများ သတ်မှတ်ထားသည့် အတိုင်း ကမ်းဝင်ရောက်လာပြီး၊ ဧပြီလ ကုန်အထိ တစ်လတိုးခွင့်ပြုထားသည့် ကင်းမွန်မီးထွန်းလှေနှင့် ဝါးတန်း (ဝိုင်းချုပ်ပိုက်) လှေများက ဆက်လက် လုပ်ကိုင်နေကြသည်ဟု အဆိုပါ ရေလုပ်ငန်းရှင်က ဆက်ပြောသည်။
ငါးသားပေါက်ရာသီ ၃ လ ငါးဖမ်းခွင့်တားမြစ်ချက်တွင် ကမ်းနီး ငါးဖမ်းလှေများကိုမူ ပိတ်သိမ်းထား ရမည်ဆိုသည့်အချက် မပါရှိပေ။
တနင်္သာရီတိုင်းအတွင်း ကမ်းဝေးငါးဖမ်းလှေ အစီးရေ ၁၅၀၀ ကျော်ရှိပြီး မြိတ်ခရိုင်အတွင်း ငါးဖမ်းလှေ ၇၀၀ ကျော်ရှိကာ ကမ်းဝေးငါးဖမ်းလှေတစ်စီးတွင် ရေလုပ်သား ၁၅ ဦး မှ ၅၀ ဦးခန့် လိုက်ပါ လုပ်ကိုင်ကြသည် ဟု ရေလုပ်သားများနှင့် ရေလုပ်ငန်းရှင်များ၏ ပြောပြချက်အရ သိရသည်။