ဘဏ်များတွင် ငွေထုတ်ခက်ခဲနေဆဲဖြစ်၍ ငွေလိမ်လည်ခံရမှုများ များလာ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်? ဧပြီလ ၃ ရက်။

အာဏာသိမ်းပြီးနောက်ပိုင်း ဘဏ်ထုတ်ငွေကန့်သတ်ချက်များကြောင့် အွန်လိုင်းငွေလွှဲ ဝန်ဆောင်မှုများကို ပိုမို အသုံးပြုနေကြရပြီး အဆိုပါဝန်ဆောင်မှုများတွင် ငွေလိမ်လည်ခံရမှုများ ပိုမိုများပြားလာနေသည်ဟု သိရသည်။

မြန်မာနိုင်ငံအတွင်းက ပုဂ္ဂလိက ဘဏ်များ၏ အွန်လိုင်းဝန်ဆောင်မှုဖြစ်သည့် Bank account အချင်းချင်း ငွေလွှဲ ပြီး ငွေပမာဏအလိုက် ရာခိုင်နှုန်းပေး ငွေကြေး ထုတ်ယူရသည့် ဝန်ဆောင်မှုများကို အများပြည်သူ အသုံးပြုမှု ပို များလာပြီးနောက်ပိုင်း ထိုဝန်ဆောင်မှုများတွင် ငွေကြေးလိမ်လည်မှုများ ဖြစ်လာနေသည်ဟု သိရသည်။

အွန်လိုင်း ဝန်ဆောင်မှုကို အသုံးပြုပြီး ငွေကြေးအလိမ်ခံလိုက်ရသူ ကချင်ပြည်နယ် မြစ်ကြီးနားမြို့က အမျိုးသမီး တစ်ဦး က “ကျမနဲ့ သူငယ်ချင်းတွေရဲ့ ပိုက်ဆံသိန်း ၂၀၀၀ ကျော် ပါသွားတယ်။ အဲဒီအမျိုးသမီးက သူ့ရဲ့ Account မှာ မလွှဲခိုင်းဘူး။ သူနဲ့ အတူတူလာတဲ့ သူတွေလည်း ပိုက်ဆံလာယူတဲ့ ကိုဇော်ဆိုတဲ့သူရဲ့ Account မှာ လွှဲတယ်။ အဲဒီ ကိုဇော်ကိုလည်း မတွေ့တော့ဘူး တခြား ပိုက်ဆံလွှဲခိုင်းတဲ့ Account တွေကို စုံစမ်းကြည့်ရင် လည်း မသိဘူး။ Bank Account ငှားတာ၊ သူတို့လည်း အလိမ်ခံရတယ်လို့ဘဲပြောတယ်။ ဘူးခံငြင်းတယ် အုပ်စု လိုက်လိမ်လည်မှုလို့ဘဲ ထင်တယ်” ဟု ပြောသည်။

အွန်လိုင်းဝန်ဆောင်မှုကို လုပ်ကိုင်နေသည့် လူအချို့က ကြိုတင်စီစဉ်ထားတဲ့အတိုင်း အုပ်စုလိုက် ငွေကြေး လိမ်လည် နေခြင်း ဖြစ်နိုင်သည်ဟု မြစ်ကြီးနားမြို့က လတ်တလော ငွေလိမ်လည်ခံရလိုက်ရသူ အဆိုပါ အမျိုးသမီးက ပြော သည်။

အာဏာသိမ်းပြီး နောက်ပိုင်း ပုဂ္ဂလိကဘဏ်များတွင် တစ်ပတ်လျှင် လူတစ်ဦးကို ဘဏ်အကောင့်စာအုပ်ထဲမှာ ကျပ် ၃သိန်းသာ ငွေသားထုတ်ပေးခြင်း၊ ထုတ်ရက်ကိုလည်း တစ်ပတ်လျှင် တစ်ရက်သာ သတ်မှတ်ထား သည့် အတွက် ငွေထုတ်နိုင်ရေး အခက်အခဲ ကန့်သတ်ချက်များရှိနေသည်ဟု KBZ Bank အသုံးပြုသူ အမျိုးသမီးတစ်ဦး က ပြောသည်။

“အဓိက အကြောင်းရင်းကတော့ ဘဏ်ထဲမှာ သွားတယ် ဘဏ်ထဲမှာလည်း သွားပြီးတော့မှ တုံကင်တွေကို ယူ တယ်။ ဖုန်းဆက်ခိုင်းတယ်နော်။ တစ်ပတ်မှာတစ်ကြိမ် ဆက်ခွင့်ပြုတယ်။ ဆက်ရင်လည်း လူပေါင်းမြောက် များစွာ ဆက်တဲ့အခါကျရင်က အဲဒီဖုန်းက မအားသေးပါ။ မအားသေးပါဖြစ်တယ်။ ကိုယ်တွေကလည်းနော် အခေါက်ပေါင်း တစ်ရာကျော် တစ်နေ့ကို နှစ်ရာနီးပါးဖုန်းတွေကို ခေါ်တယ်။ ဒါပေမယ့် ဖုန်းနဲ့ တုံကင်ယူတဲ့ နေ ရာမှာ ကျမက မရခဲ့ဘူး” ဟု ပြောသည်။

တစ်ပတ်လျှင် တစ်ကြိမ်၊ တစ်ကြိမ်လျှင် ငွေကျပ် ၃ သိန်း ထုတ်နိုင်ရန်အတွက် ဖုန်းဖြင့် ကြိုတင် တုံကင် ယူနေ ရပြီး လူဦးရေကန့်သတ်မှုကလည်း ရှိနေသည့်အတွက် အခက်အခဲများ ကြုံတွေ့နေရသည်ဟု KBZ Bank အသုံး ပြုသူများက ပြောသည်။

ထိုသိုခက်ခဲမှုများကြောင့် ပြင်ပက ငွေထုတ်ငွေလွှဲ ဝန်ဆောင်မှု လုပ်ငန်းများကို အသုံးပြုရခြင်းဖြစ်ပြီး တရားဝင် လုပ်ငန်းများ မဟုတ်သည့်အတွက် အာမခံချက် တစ်စုံတစ်ရာ မရှိသည့် အနေအထားမျိုးဖြင့် ကြုံနေရသည်ဟု ဘဏ်ပြင်ပက တရားမဝင်သည့် ငွေလွှဲငွေထုတ်ဝန်ဆောင်များကို အသုံးပြုနေသူများက ပြောသည်။

ဘဏ်ပြင်ပက ဝန်ဆောင်မှုကို အသုံးပြုသူ အမျိုးသမီးတစ်ဦးက “တစ်ခါခါ ကျရင်တော့ စိတ်က မလုံခြုံဘူးပေါ့ နော်။ ကိုယ်ထည့်ထားတဲ့ ပိုက်ဆံတွေကို မရမှာလည်း စိုးရိမ်တယ်။ ပြီးလို့ရှိရင် လူတွေကိုလည်း မယုံကြည်ဘူး။ ဒါပေမယ့် မယုံကြည်ဘူး ဆိုပေမယ့် ပိုက်ဆံက မရမှာလည်း စိုးရိမ် တဲ့အတွက်ကြောင့် မျက်စိမှိတ်ပြီးမှ ယုံ ကြည်ရတာပေါ့။ အဲလိုမျိုးအခြေအနေတွေရှိတယ်။ ကျမတို့ရဲ့ ပိုက်ဆံ တွေကို ထုတ်လို့မရမှာ စိုးရိမ်လို့နော်။ Percentage ပေးပြီးမှ ပိုက်ဆံတွေကို ထုတ်လိုက်ရတာ ဖြစ်ပါတယ်။ အဓိ က အကြောင်းရင်းကတော့ အာဏာ သိမ်းပြီးနောက်ဖြစ်တဲ့ ကိစ္စလေးဖြစ်တယ်” ဟု ပြောသည်။

ပုဂ္ဂလိက ဘဏ်များအပြင် မြန်မာ့စီးပွားရေးဘဏ်တွင်လည်း ငွေသွင်းခြင်းနှင့် အတိုးပေးခြင်း ပုံမှန်ဝန်ဆောင်မှု များကို ပေးနေသော်လည်း ငွေထုတ်ရာတွင် တစ်ဦးလျှင် သုံးသိန်းနှင့် ငါးသိန်းကြားသာ ထုတ်ယူခွင့်ရှိသည်ဟု သိရသည်။

ထိုသို့ အကန့်အသတ်ဖြင့် ထုတ်ပေးရခြင်း အကြောင်းရင်းကိုလည်း ဘဏ်တာဝန်ရှိသူများက ပြည်သူများကို မည် သည့် အကြောင်းအရင်းကြောင့် ဖြစ်သည်ကို တိကျစွာ ရှင်းလင်းပြောဆိုခြင်း မရှိ ဟု မြန်မာ့စီးပွားရေး ဘဏ်တွင် ဘဏ်အကောင့်ဖွင့်ထားသူတစ်ဦးက ပြောသည်။

“ရှင်းပြတာမျိုးမရှိဘူး။ ဒါပေမယ့် အခုလက်ရှိ နိုင်ငံရေးအခြေအနေအရ အဲလိုပဲ ဆုံးဖြတ်ထားတယ်။ အဲ လောက်ပဲ အထက်က ပြောထားလို့ လို့ဘဲပြောတယ်။ တခြားဘာမှ မသိဘူး။”

၂၀၂၁ အစောပိုင်းကာလတွင် ပြင်ပဝန်ဆောင်ခအဖြစ် ငွေသား ၁ သိန်းကျပ် လွှဲခြင်း၊ ထုတ်ခြင်း ပြုလုပ်ပါက ဝန် ဆောင်ခအဖြစ် ကျပ် ၅ ထောင် မှ ကျပ် ၁ သောင်း အထိကျပ် ထိ ပေးရပြီး လတ်တလောတွင် ငွေသား ကျပ် ၁ သိန်းလျှင် ဝန်ဆောင်ခအဖြစ် ကျပ် ၂၂၀၀ မှ ကျပ် ၅၀၀၀ ဝန်းကျင်အထိ ပေးနေရသည်ဟု သိရသည်။

ပြင်ပက ငွေလွှဲငွေထုတ်ဝန်ဆောင်မှုများတွင် ဖြစ်ပေါ်နေသည့် ငွေလိမ်လည်မှု ပြဿနာများကို မည့်သည့်အဖွဲ့ အစည်း၊ မည်သူမည်ဝါကမှလည်း တာဝန်ယူဖြေရှင်းပေးခြင်း မရှိ ဟု ပြည်သူများက ပြောသည်။

မြန်မာနိုင်ငံတွင် မြန်မာ့စီးပွားရေးဘဏ်အပြင် ပုဂ္ဂလိက ဘဏ်များဖြစ်ကြသည့် KBZ Bank၊ AYA Bank၊ CB Bank၊ ရိုးမဘဏ်၊ မြန်မာ့အရှေ့တိုင်းဘဏ် နှင့် အာရှစိမ်းလန်းနှင့် ဖွံ့ဖြိုးရေးဘဏ်တို့အပါအဝင် ဘဏ် ၂၂ ဘဏ်ရှိသည်ဟု သိရသည်။

အဆိုပါဘဏ်များတွင် ATM စက်မှ ငွေသားထုတ်ယူရသည့် စနစ်များရှိနေသော်လည်း စစ်တပ်က အာဏာ မသိမ်းခင်က အချိန်များကဲ့သို့ ATM စက်များတွင် ငွေသားထုတ်ယူရန် မလွယ်ကူတော့ပဲ ATM စက်အတော် များများက ဝန်ဆောင်မှု မပေးနိုင်တော့ဟု ပြောကြသည်။