မတ္တရာတွင် သတင်းပေးဆိုသူ ဘုန်းကြီးတစ်ပါး အသတ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဧပြီလ ၄ ရက်။

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် ဧပြီလ ၃ ရက်နေ့က တောင်ကန်အုပ်စု၊ ကင်းရွာတွင် စစ်ကောင်စီသတင်းပေးဆိုသူ ဘုန်းကြီးတစ်ပါး အသတ်ခံလိုက်သည်ဟု ဒေသခံများက ပြောသည်။

ဧပြီလ ၃ ရက်နေ့၊ နံနက် ၆ နာရီ အချိန်ခန့်က ကင်းရွာ၊ တောင်ကျောင်း(လွင်ဦးကျောင်း)တွင် သီတင်းသုံးနေသည့် ပျူစောထီးခေါင်းဆောင်၊ စစ်ကောင်စီသတင်းပေးဟု လူသိများသော ဆရာတော် ဦးသုစိတ္တ သေနတ်ဖြင့် ပစ် သတ်ခံလိုက်ရသည်ဟု ဒေသခံများက ပြောသည်။

အသက် ၅၀ အရွယ် ကင်းရွာသား တစ်ဦး က “အဲ့ဘုန်းကြီးက မိန်းမအရှုပ်ရှင်းရှိတယ်။ ကျောင်းထိုင်နေရာကိစ္စ နဲ့ ပြင်ဦးလွင်မှာ အမှုရင်ဆိုင်နေရတာ။ စစ်ကောင်စီနဲ့ ပေါင်းပြီးရွာကို အမျိုးမျိုးဒုက္ခပေးနေတာ” ဟု ပြောသည်။

အဆိုပါဘုန်းကြီး အသတ်ခံရသည့်ကိစ္စမှာ မည်သူမည်ဝါ မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်သည်ကိုလည်း မသိရသေးဘူးဟု ကင်ရွာသားများက ပြောသည်။

စစ်ကောင်စီသတင်းပေး ဒလန်ဟု နာမည်ကြီးသည့် အဆိုပါ ဘုန်းကြီး အသတ်ခံခဲ့ရသည့်အပြင် ဧပြီလ ၃ ရက် နေ့၊ ညနေပိုင်း ၄ နာရီကျော် အချိန်ခန့်တွင်လည်း မတ္တရာမြို့နယ်၊ တောင်ကန်အုပ်စုဘက်ကို စစ်ကြောင်းထိုး လာ သည့် စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသည်ဟု ဒေသခံများက ပြောသည်။

ထိုသို့ မိုင်းဆွဲ တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီဘက်က ၄ ယောက်သေဆုံးပြီး ၁၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မတ္တရာမြို့နယ် က သတင်းထုတ်ပြန်ထားသည်။

မတ္တရာအရှေ့ပိုင်းနယ်ဘက်ကို နယ်မြေရှင်းလင်းရေးအဖြစ် ခြေလျင်စစ်ကြောင်းထိုးလာသည့် စစ်သားအင်အား အယောက် ၃၀ ခန့်ပါသည့် စစ်ကြောင်းကို မတ္တရာမြို့နယ် တောင်ကန်အုပ်စု ကင်းကျေးရွာ အရှေ့မြောက်ဘက်ရှိ နဂါးပတ်တောင်အနီးတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -မတ္တရာမြို့နယ်က မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ကင်းရွာဘုန်းကြီး အသတ်ခံရခြင်းသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မတ္တရာမှ ပြုလုပ်ခြင်းမဟုတ်ဘဲ မည်သည့် လက်နက်ကိုင် အဖွဲ့ကဟု မသိသေးဟုလည်း ထည့်သွင်းထုတ်ပြန်ထားသည်။