အင်အားဖြည့်လာသော စစ်ကောင်စီ တပ်ကို CDF-မတူပီ တိုက်ရာ စစ်ကောင်စီ ၅ ဦး သေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဧပြီလ ၇ ရက်။
စစ်အင်အား ဖြည့်တင်းရန်လာသည့် စစ်ကောင်စီတပ်နှင့် CDF – Matupi တပ်တို့အကြား ဧပြီလ ၇ ရက်နေ့ (ယနေ့) နံနက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၅ ဦးကျဆုံးခဲ့သည်ဟု CDF – Matupi က ပြောသည်။
မကွေးတိုင်း၊ ကျောက်ထုမြို့ဘက်မှ ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့ဘက်သို့ စစ်အင်အားဖြည့်တင်းရန် တက် လာသည့် စစ်ကောင်စီတပ်ဖွဲ့များနှင့် မတူပီမြို့နှင့် ၁၅ မိုင်ခန့်အကွာတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု CDF – Matupi သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူ တစ်ဦးက ပြောသည်။
“စစ်အင်အားဖြည့်တဲ့ ယာဉ်တန်းပေါ့နော်၊ ရှေ့ပြေးအဖွဲ့ကတော့ ၈၄ မိုင်မှာ အိပ်တယ်။ ပြီးတော့ ယာဉ်တန်းက တော့ ၇၇ မှာ အိပ်တယ်ပေါ့နော်။ သူတို့ဒီမနက်မှာ ပြန်ထွက်တယ်ပေါ့နော်။ ထွက်တဲ့အချိန်မှာ ကျနော်တို့ CDF – Matupi အဖွဲ့နဲ့ တစ်နာရီနီးပါးလောက် တိုက်ပွဲဖြစ်ပွားတယ်ပေါ့။ တိုက်ပွဲဖြစ်ပွားတော့ သူတို့ဘက်က တော့ ၅ ဦးသေပြီးတော့ အများအပြား ဒဏ်ရာရတယ်။ ကျနော်တို့ဘက်ကတော့ ထိခိုက်ဒဏ်ရာ ရတာမျိုး မရှိ ဘူးပေါ့။”
ကျောက်ထုမြို့နယ်ဘက်မှ မတူပီမြို့နယ်ဘက်သို့ စစ်ကောင်စီတပ်က အင်အား တိုးချဲ့မှု များဆက်တိုက်လုပ် ဆောင်နေသည့်အတွက် စစ်ရေးအခြေအနေကလည်း ယခင်ကထက် ပိုမိုပြင်းထန်လာ နိုင်သည်ဟု CDF – Matupi သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်းနှင့် CDF – Matupi တို့အကြား မတ်လ ၃၁ ရက်နေ့မှစတင်၍ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ယခု ဧပြီလ ပထမအပတ်အထိ တိုက်ပွဲ ၅ ကြိမ်ခန့် ဖြစ်ပွားခဲ့ပြီး ဖြစ်သည်ဟု CDF – Matupi သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။
“စစ်ကြောင်းနဲ့စပြီး ထိတွေ့တိုက်ပွဲဖြစ်တာက မတ်လ အကုန် ၃၁ ရက်နေ့မှာ ကျနော်တို့ တိုက်ပွဲဖြစ်တယ်။ ပြီးတော့မှ ဧပြီ ၁ရက်၊ ၂ ရက်၊ ပြီးတော့မှ မနေ့ကဆို လည်း တိုက်ပွဲတော့ ဖြစ်ပွားခြင်းမရှိဘူး။ ဒါပေမယ့် ကျနော်တို့ ထောင်ထားတဲ့ မိုင်းတွေကို နင်းမိပြီးကွဲတဲ့ အခြေအနေ မျိုးတွေ ရှိတယ်။ ဒါပေမယ့် အဲ့ဒီအရာပေါ်မှာတော့ ကျနော်တို့ ဒဏ်ရာ ရတဲ့သူတွေကိုတော့ အတည်မပြုနိုင်သေးဘူး။ ဘာဖြစ်လို့လဲဆို နယ်မြေရဲ့ အခြေအနေအရ ကျနော်တို့က ကွင်းမဆင်းနိုင်သေးတဲ့ အခြေအနေရှိတယ်ဗျ။ ဒါကြောင့်မို့လို့ အခု ဒီဧပြီထဲမှာဆိုရင် တိုက်ပွဲ အနည်းဆုံး ၅ ကြိမ် ၆ ကြိမ်တော့ ရှိပြီ ခင်ဗျ” ဟု ပြောသည်။
နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားနေသည့်အပြင် မတူပီ အခြေစိုက်တပ်ရင်းစခန်းများကလည်း မတူပီ-မင်းတပ် လမ်းမပေါ်ရှိ ချန်းပြန်း(က) ရွာဟောင်းနှင့် အခြားကျေးရွာများဘက်ကို လက်နက်ကြီးများဖြင့် အဆက်မပြတ် ရမ်းသမ်း ပစ်ခတ်နေသည်ဟု သိရသည်။
CDF – Matupi တပ်အနေဖြင့် မတူပီ-မင်းတပ်လမ်းပေါ်ရှိ ကျေးရွာများတွင် နေထိုင်ကြသည့် ပြည်သူများအား တိုက်ပွဲမဖြစ်ပွားခင်ကတည်းက လုံခြုံရသည့် နေရာများသို့ ပို့ဆောင်ထားပြီး ဖြစ်သည်ဟု ဆိုသည်။
သို့သော် စစ်ကောင်စီဘက်က မိုင်တိုင် ၇၇၊ ၈၁၊ ၈၂၊ ၈၄ စသည့် နေရာများရှိ ပြည်သူများ၏ နေအိမ်များကို ဧပြီလ ၆ ရက်နေ့မှ စတင်၍ မီးရှို့ဖျက်ဆီးခဲ့သည်ဟု သိရသည်။
လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများ၊ စစ်ရေးတင်းမာနေမှု အခြေအနေများကြောင့် ပြည်သူများ၏ နေအိမ်အလုံး ရေ မည်မျှ မီးရှို့ဖျက်ဆီးခံရသည်ကို အတိအကျမသိရသေးဘူးဟု CDF-Matupu သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူက ပြောသည်။
ဓါတ်ပုံ – Chinland Defense Force Matupi