ကလေးငယ် ၉ ဦးအပါအဝင် ရိုဟင်ဂျာ ၆၀ ဦးကို ချောင်းသာတွင် ဖမ်းဆီး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဧပြီလ ၉ ရက်။
ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ် အတွင်းရှိ ချောင်းသာကမ်းခြေမြို့ နယ်မြေအတွင်းတွင် ကလေးငယ် ၉ ဦး အပါအဝင် ရိုဟင်ဂျာ ၆၀ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးထားခြင်း ဖြစ်သည်ဟု သိရသည်။
ချောင်းသာကမ်းခြေမြို့၊ ဥတိုကျေးရွာ တောတွင်း၌ ဧပြီလ ၇ ရက်နေ့၊ ညနေ ၆ နာရီခွဲအချိန်ခန့်က စစ်ကောင်စီ တပ်ဖွဲ့က လုံခြုံရေး ဆောင်ရွက်နေစဉ်တွေ့ရှိခဲ့ပြီး ဖမ်းမိခဲ့ခြင်းဖြစ်သည်ဟု အုပ်ချုပ်ရေး အဖွဲ့ဝင်များထံမှ သိရ သည်။
လဝကရုံး အရာရှိတစ်ဦးက “သူတို့တွေက အထောက်အထားမဲ့ နယ်မြေဖြတ်ကျော်လာ သူတွေပါ” ဟု ပြော သည်။
ဖမ်းဆီးမိသူများမှာ ရခိုင်ပြည်နယ်၊ ရသေ့တောင် နှင့် အာကာသောင်းကျေးရွာတွင် နေထိုင်သူများဖြစ်ကြပြီး ကျား ၃၄ဦး၊ မ ၁၇ ဦး၊ ကလေး ကျား ၅ ဦး နှင့် မ ၄ ဦး စုစုပေါင်း စုစုပေါင်း အယောက် ၆၀ ဖြစ်သည်ဟု သိရ သည်။
၎င်းတို့အား အာကာသောင်း ဒေသခံ ပွဲစားနှစ်ဦးက ရန်ကုန်မြို့ အရောက် တစ်ဦးလျှင် ကျပ် ၁၅ သိန်း ဖြင့် ခေါ်လာခြင်း ဖြစ်ပြီး လက်ရှိတွင် ပွဲစားအား တစ်ဦးလျှင် စရံ ကျပ် ၅ သိန်းစီ ပေးပြီး လိုက်ပါခဲ့ကြရခြင်း ဖြစ်သည်ဟု ထွက်ဆိုကြကြောင်း လဝကရုံးအရာရှိက ပြောပါတယ်။
ပုသိမ်မြို့နယ် အတွင်းရှိ ချောင်းသာကမ်းခြေဒေသ နှင့် တောတောင်များသည် ရခိုင်ပြည်နယ်နှင့် တစ်ဆက် တည်းရှိနေပြီး မကြာခန ရခိုင်ဘက်ခြမ်းမှာ နယ်မြေဖြတ်ကျော်လာကြသည့် အထောက်အထားမဲ့ အစ္စလာမ် ဘာသာဝင် မွတ်ဆလင်များကို ဖမ်းဆီးရမိနေသည်ဟု သိရသည်။
“သက်ဆိုင်ရာ ဌာနတွေက လုပ်ထုံးလုပ်နည်းနဲ့အညီ အထက်ကို တင်ပြဆောင်ရွက်နေပါတယ်” ဟု တာဝန်ရှိ ရဲအရာရှိတစ်ဦး က ပြောသည်။
ရခိုင်ပြည်နယ်ထဲတွင်လည်း အထောက်အထားမဲ့ အစ္စလာမ် ဘာသာဝင် မွတ်ဆလင်များကို ခရီးသွားလာခွင့် အပါ အဝင် လုပ်ကိုင်ရှာဖွေစားသောက်ခွင့်၊ နေထိုင်ခွင့်စသည်တို့ကိုလည်း အကန့်အသတ်ထားသည့်အတွက် ၎င်းတို့ သည် မကြာခန နယ်မြေဖြတ်ကျော်လာလေ့ရှိသည်ဟု ဧရာဝတီတိုင်း ရဲတပ်ဖွဲ့ရုံးထံမှ သိရသည်။
အထောက်အထားမဲ့ ရိုဟင်ဂျာ မွတ်ဆလင်များသည် ဧရာဝတီတိုင်းမှတစ်ဆင့် လူနေစည်ကားသည့် ရန်ကုန်၊ မန္တလေးမြို့များရှိ ၎င်းတို့၏ ဆွေမျိုးမိတ်ဆွေများထံ ခိုလှုံနေထိုင်သည့်အပြင် ထိုမှတစ်ဆင့် မလေးရှား၊ အင်ဒိုနီးရှား နိုင်ငံများသို့ သွားရောက်လေ့ ရှိသည်ဟု သိရသည်။